ပလိပ်ချည်စက် အလုပ်သမား ၇ဝဝ မတရားအလုပ်ထုတ်မှု ဆန္ဒပြ
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံမှာ ခွင့် ၅ ရက်ယူတဲ့ အလုပ်သမားတွေကို အလုပ်ကနေ ထုတ်ပယ်တာတွေ ရှိနေတဲ့အတွက် အလုပ်သမား ၇ဝဝ ကျော်က မနေ့က စက်ရုံတွင်းမှာ မိုးပြာရောင် ဖဲကြိုး တပ်ဆင်ပြီး ကန့်ကွက်ကြပါတယ်။
-
2015-09-21 -
-
-
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံမှာ ခွင့် ၅ ရက်ယူတဲ့ အလုပ်သမားတွေကို အလုပ်ကနေ ထုတ်ပယ်တာတွေ ရှိနေတဲ့အတွက် အလုပ်သမား ၇ဝဝ ကျော်က မနေ့က စက်ရုံတွင်းမှာ မိုးပြာရောင်ဖဲကြိုး တပ်ဆင်ပြီး ကန့်ကွက်ကြပါတယ်။
အလုပ်သမားတွေအတွက် အလုပ်သမားဝန်ကြီးဌာနနဲ့ စက်ရုံပိုင်ရှင် ပန်ဒါကုမ္ပဏီတို့ ချုပ်ဆိုတဲ့ စာချုပ်မှာ ငါးရက်ခွင့်ယူရင် အလုပ်ကနေ ထုတ်ပယ်ခံရမယ် ဆိုတဲ့ စည်းကမ်းမပါဘူးလို့လည်း ပြောပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ စည်းကမ်းလိုမျိုး ဖြစ်လာမှာစိုးတဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံ အလုပ်သမား ကိုချမ်းမိုးအောင်က ပြောပါတယ်။
"စက်ရုံမှာရှိတဲ့ အဖွဲ့ဝင် ၇ဝဝ ကျော်လောက်ပေါ့၊ ဖဲကြိုးပြာတပ်ဆင်ပြီး အလုပ်လုပ် တယ်ပေါ့၊ တစ်လအတွင်း ခွင့်မဲ့ ၅ ရက်ပျက်ကွက်တယ်ဆိုပြီး အလုပ်ထုတ်ခြင်း ဆိုပြီးတော့ နောက်ထပ်ထုတ်တဲ့ စည်းကမ်းချက်ထဲမှာ ထပ်ထည့်လိုက်တဲ့အတွက် အလုပ်သမားတွေကမကျေနပ်ဘူးပေါ့၊ အလုပ်သမားတွေကို အဲ့အချက်တွေနဲ့ ပတ်သက်ပြီး ဆက်တိုက်ထုတ်နေတဲ့အနေအထားတွေလည်းရှိတယ်၊ ဒီလိုသာဆို အလုပ်သမားတွေအလုပ်လက်မဲ့ပိုဖြစ်လာနိုင်ဖွယ်ရှိတဲ့အတွက် ကျနော်ကဒီအချက်ကို ကန့်ကွက်ရတာပါ"
တစ်လအတွင်း ခွင့်ငါးရက်ယူလို့ဆိုပြီး အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၂ ဦးအပါအဝင် စုစုပေါင်း ၅ ဦးကို အလုပ်ကနေ ထုတ်ပယ်ထားတယ်လို့ သိရပါတယ်။
အဲဒီစက်ရုံမှာ အလုပ်သမား ၁၂ဝဝ လောက်ရှိပြီး မိုးပြာရောင်ဖဲကြိုးလှုပ်ရှားမှုမှာပါဝင်တဲ့ အလုပ်သမား ၇ဝဝ ကျော်ဟာ အရင်က အမှတ် ၁ စက်မှုဝန်ကြီးဌာန လက်အောက်ကနေ လွှဲပြောင်းခံရတဲ့ ဝန်ထမ်းတွေ အများစု ဖြစ်တယ်လို့ သိရပါတယ်။