အလုပ်သမားအခွင့်အရေးအတွက် ပလိပ်အထည်စက်ရုံ ဆန္ဒပြ
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံမှာ အလုပ် သမား ၈၀၀ နီးပါးက အလုပ်သမား အခွင့်အရေး အပြည့်အဝရရှိရေးအတွက် မနေ့က စက်ရုံထဲ မှာ အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။
-
2015-09-16 -
-
-
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံမှာ အလုပ်သမား ၈၀၀ နီးပါးက အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေးအတွက် မနေ့က စက်ရုံထဲမှာ အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။
အလုပ်သမားတွေကို နေ့တစ်ဝက်ခွင့် ယူခွင့်မပေးတဲ့အတွက် မကျေနပ်လို့ ဆန္ဒပြတာလို့ စက်ရုံတွင်းမှာ ဆန္ဒပြနေတဲ့ အလုပ်သမ မဇာခြည်က ပြောပါတယ်။
"အမတို့စက်ရုံမှာ ရှောင်တခင်ခွင့်တစ်ပိုင်းမရဘူးပေ့ါ တစ်ရက်လုံးယူရင်ရမယ်ပေါ့ အလုပ်သမားက အလုပ်ထဲကိုလာတဲ့အခါ ဝင်မခံဘူးဆိုပြီး အလုပ်ရှင်ကတားမြစ်တာ၊ အဝင်မခံဘူးဆိုရင်တော့ အဝင်မခံတဲ့ အကြောင်း အော်ဒါထုတ်ပြီး လက်မှတ်ထိုးပေးပါဆိုတော့ တာဝန်ရှိတဲ့လူကြီးတွေက တစ်ယောက်မှ လက်မှတ်မထိုးပေးဘူး၊ အော်ဒါလည်းထုတ်မပေးဘူး၊ အလုပ်သမားတွေက ပြေပြေလည်လည် ညှိနှိုင်းမယ် ဆိုတော့လည်း မညှိနှိုင်းဘူး"
အဲဒီအလုပ်သမားတွေဟာ တစ်နေ့ကို လုပ်ခကျပ် လေးထောင်ရပါတယ်။ အလုပ်သမားတွေက ကျန်းမာရေးနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေရှိရင် နေ့တဝက်ခွင့်ယူမယ်ဆိုရင် ကျပ်နှစ်ထောင်သာ ဖြတ်တောက်ခံရမှာဖြစ်တဲ့ အတွက် အလုပ်သမားတွေက နေ့တဝက်သာခွင့်လိုချင်တာကို စက်ရုံတာဝန်ရှိသူတွေက တစ်နေ့လုံး စာဖြတ်တောက်မယ်ဆိုတာကြောင့် ဆန္ဒပြကြတာဖြစ်ပါတယ်။
မနေ့က နေ့တဝက်ခွင့်ယူခဲ့တဲ့ အလုပ်သမား ၂ ယောက်ကို စက်ရုံထဲ ဝင်ခွင့်မပေးတာကစပြီး အလုပ်သမားတွေက ဆန္ဒပြကြတာဖြစ်ပါတယ်။
အဲဒီစက်ရုံမှာ အလုပ်သမား ၁၂၀၀ လောက်ရှိပြီး အခုဆန္ဒပြနေတဲ့အလုပ်သမား ၈၀၀ နီးပါးဟာ အရင်က အမှတ် ၁ စက်မှုဝန်ကြီးဌာန လက်အောက်ကနေ လွှဲပြောင်းခံရတဲ့ ပင်စင်စားဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။ သူတို့ဟာ အနည်းဆုံးလုပ်ခလစာ တစ်လကျပ် ၉ သောင်းကနေ တစ်သိန်းခြောက်သောင်းလောက်အထိ ရရှိကြတယ်လို့ သိရပါတယ်။