ပလက်ဝက စစ်ပြေးဒုက္ခသည်တွေကို ရိက္ခာထောက်ပံ့မှု စတင်


2017.11.17
wailukyaw-palatwa-622.jpg ချင်းပြည်နယ်၊ ပလက်ဝမြို့က စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့အားပေးရန် ရောက်ရှိလာတဲ့ ကိုဝေဠုကျော်နဲ့အဖွဲ့ ကို နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: Wai Lu Kyaw Foundation

ချင်းပြည်နယ် ပလက်ဝမြို့မှာ ဖြစ်ပွားနေတဲ့ မြန်မာတပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေကို ပြည်နယ်အစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေ ပေါင်းပြီး ဒီကနေ့ စားနပ်ရိက္ခာ စတင်ပေးပို့နေပြီဖြစ်ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေပူးပေါင်းပြီး စားနပ်ရိက္ခာတွေကို ရေကြောင်းကနေ စက်လှေ ၅ စီးနဲ့ အရင်ဆုံးပို့ဆောင်ပေးနေပြီလို့ ပလက်ဝလူမှုကူညီရေးပရဟိတအဖွဲ့က ဦးကျော်ခင် က ပြောပါတယ်။

"ကိုဝေဠုတို့အဖွဲ့။ နောက်ပြီးတော့ လူကယ်ပြန်ဝန်ကြီးဌာနကနေ ထောက်ပံ့တဲ့ပစ္စည်းတွေရှိတယ်။ အဲဒါ ကို ပြည်နယ် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက ပြည်နယ်မှူးလည်း ရောက်လာ တယ်။ ထောက်ပံ့ရေးက လှေတွေက သေးတော့ အကုန်လုံးမသယ်ယူနိုင်သေးဘူး။ ဆန်တွေ၊ ပဲတွေ၊ ဆားတွေ အဲ့ဟာတွေပဲပေါ့။ မနက်က ငါးစီးလောက်တော့ရှိမယ်"

ကယ်ဆယ်ရေးသွားရောက်မယ့်သူတွေကို ဒုက္ခသည်တွေ ခိုလှုံနေတဲ့ ရှင်းလက်ဝကျေးရွာက အုပ်ချုပ်ရေးမှူးတွေ က လှေတွေနဲ့ လာရောက်ခေါ်ယူကြောင်းနဲ့ ခရီးလမ်းလုံခြုံရေးအတွက် နယ်မြေခံတပ်တွေကို အကြောင်းကြားပြီး ကူညီထောက်ပံ့ရေး လုပ်ဆောင်နေရတယ်လို့ ပြောပါတယ်။

အစိုးရတပ်မတော်နဲ့ AA အဖွဲ့တို့ကြား တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကစတင်ပြီး ကုလားတန်မြစ်အထက်ပိုင်း မြန်မာ-အိန္ဒိယနယ်စပ် ဂုံပြင်ရွာနားမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။

အဲဒီလို တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ဂုံပြင်ရွာက ကျေးရွာသား ၃၀၀ လောက်နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေ ကြပြီး ပလက်ဝမြို့နယ် ရှင်းလက်ဝရွာမှာ ရွှေ့ပြောင်းနေထိုင်နေကြတာဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ကျောင်းသားတစ်ယောက်သေဆုံးပြီး အရပ်သား ၃ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။