ပုလဲမြို့နယ်မှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ငါးဦးသေဆုံး

ပုလဲမြို့နယ် မင်းတိုင်ပင်ရွာမှာ ဒီဇင်ဘာ ၁၂ ရက်နေ့လယ် စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် NUG ရဲ့ မြို့နယ်တရားရေးတာဝန်ခံနဲ့ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ပါတယ်။

ပုလဲမြို့နယ် မင်းတိုင်ပင်ရွာအဝင်တစ်နေရာအား တွေ့ရစဉ်။ MFP

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မင်းတိုင်ပင်ရွာမှာ ဒီဇင်ဘာ ၁၂ ရက် ဒီနေ့နေ့လယ် စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မြို့နယ်တရားရေးတာဝန်ခံနဲ့ အသက်တစ်နှစ်ခွဲ အရွယ် ကလေးငယ် တစ်ဦးအပါအဝင် စုစုပေါင်း ငါးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၂၀ ကနေ ၄၀ ဝန်းကျင်တွေဖြစ်တဲ့ ပုလဲမြို့နယ် တရားရေးတာဝန်ခံနဲ့ သူ့ရဲ့ အမျိုးသမီး၊ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး၊ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးကတော့ အဲဒီနေရာမှာ တိုက်ပွဲ မရှိဘဲ လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာဖြစ်ပြီး လေယာဉ် အမျိုးအစားကိုတော့ အတိအကျ မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

“အဲဒီနေရာက ကျွန်တော်တို့ (NUG) မြို့နယ် တရားရေးဝန်ကြီးဌာနက တရားရေးတာဝန်ခံ နေတဲ့အိမ်ပေါ့နော်။ သူက ရဲတပ်ဖွဲ့ကနေ (CDM) လုပ်ထားပြီးတော့မှ တရားရေးတာဝန်ခံ လုပ်နေတာ။ အဲဒီနေရာက ရုံးလည်း ဟုတ်တယ်။ အိမ်လည်း ဟုတ်တယ်။ အဲဒီနေရာကို ဗုံးလေးလုံးကြဲသွားတာ။ ဗုံးကျတဲ့ အဆောက်အအုံကတော့ တစ်ဝက် ပျက်စီးသွားတယ်”

အဲဒီနေအိမ်ထဲမှာရှိတဲ့ အမျိုးသားတစ်ဦးကတော့ ထိခိုက်ဒဏ်ရာရတာကြောင့် ဆေးကုသမှုပေးနေရတယ်လို့ ဆိုပါတယ်။

မင်းတိုင်ပင်ရွာအနီးမှာရှိတဲ့ ဒေသခံတစ်ဦးကလည်း ဒီနေ့နေ့လယ် ၁၂ နာရီခန့်က အဲဒီရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဗုံးပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်က ဒီဇင်ဘာ ၁၂ ရက် ဒီနေ့ညနေပိုင်းအထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

နိုင်ငံတစ်ဝန်း စစ်ရေးပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီရဲ့ ဒီလိုလုပ်ရပ်တွေကို ရှောင်ရှားနိုင်ဖို့ ပြည်သူတွေအနေနဲ့ သတိပြုကြဖို့လည်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း မင်းတိုင်ပင်ရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းကလည်း စစ်ကောင်စီတပ်သားတွေ ရွာထဲစီးနင်းခဲ့ပြီးနောက် ရွာထဲမှာ အမျိုးသားသုံးဦး သတ်ဖြတ်ခံခဲ့ရတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ ပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ လေကြောင်းနဲ့လက်နက်ကြီးကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ (၁၁) လအတွင်း အရပ်သား ၇၃၀ ဦးသေဆုံးခဲ့ပြီး (၁၂၉၂) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org