မွေ့တုံရွာနှင့်ပန်းရွာ မီးလောင်ပြင်များကို ဂြိုဟ်တုကတစ်ဆင့် တွေ့ရ
ဇန်နဝါရီလ ၃၁ ရက်ညပိုင်းက အင်အားတစ်ရာလောက်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခု မကွေးတိုင်း မြိုင်မြို့နယ်ဘက်ကနေ မွေ့တုံရွာကို ရောက်ရှိလာပြီးနောက် အဲဒီနေ့ညပိုင်းမှာပဲ အိမ်တွေမီးရှို့ခံခဲ့ရတာလို့ ဒေသခံတွေ ပြောပါတယ်။
- 2022-02-06
-
-
-
ပုလဲမြို့နယ် မွေ့တုံရွာတွင် မီးလောင်ကျွမ်းထားသည်ကို ဂြိုဟ်တုမှတစ်ဆင့် တွေ့ရစဉ်။ (Planet Labs)
(ယခင်ပုံ - ၂၀၂၀ နိုဝင်ဘာ ၁၁ ရက် - CNES/Google Earth)
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ မွေ့တုံရွာနဲ့ပန်းရွာမှာ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းထားတာကို RFA က ရထားရှိတဲ့ ဂြိုဟ်တုဓာတ်ပုံတွေမှာ အထင်အရှား တွေ့ရပါတယ်။
ဇန်နဝါရီလ ၃၁ ရက်ညပိုင်းက စစ်ကောင်စီတပ်က အင်အားတစ်ရာလောက်ရှိတဲ့ စစ်ကြောင်းတစ်ခု မကွေးတိုင်း မြိုင်မြို့နယ်ဘက်ကနေ မွေ့တုံရွာကို ရောက်ရှိလာပြီး နောက် အဲဒီနေ့ညပိုင်းမှာပဲ အိမ်တွေမီးရှို့ခံခဲ့ရတာလို့ ဒေသခံတွေ ပြောပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတယ်လို့ ယူဆတဲ့ရွာတွေကို မီးလိုက်ရှို့နေတာလို့လည်း ပြောပါတယ်။
ပုလဲမြို့နယ် ပန်းရွာတွင် မီးလောင်ကျွမ်းထားသည်ကို ဂြိုဟ်တုမှတစ်ဆင့် တွေ့ရစဉ်။ (Planet Labs)
(ယခင်ပုံ - ၂၀၂၀ နိုဝင်ဘာ ၁၁ ရက် - CNES/Google Earth)
ဒီဖြစ်ရပ်မတိုင်ခင် ဇန်နဝါရီလ ၂၃ ရက်နေ့က ပုလဲမြို့နယ် အင်မထီးကျေးရွာမှာ တပ်စွဲပြီး ပျူစောထီးတွေကို သင်တန်းပေးနေတဲ့ စစ်ကောင်စီ ယာယီတပ်စခန်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံPDF အဖွဲ့တွေက ပြောပါတယ်။ အဲဒီဖြစ်စဉ်မှာ စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ သေဆုံးခဲ့တဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ဒီရွာနှစ်ရွာကို မီးရှို့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ဖေဖော်ဝါရီ ၄ ရက်နေ့အတွင်း တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်ကျေးရွာ ၁၂၆ ခုမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ခံရတဲ့ နေအိမ်အလုံးပေါင်း ၃၃၇၉ လုံး ရှိသွားပြီလို့ နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခ နောက်ဆက်တွဲ တွေကို သုတေသနပြုနေတဲ့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၄ ရက်ညပိုင်းမှာပဲ ပုလဲမြို့နယ်က လှော်ကားရွာနဲ့ ကိုင်းတွင်းရွာမှာ နေအိမ် အလုံးပေါင်း ၇ဝဝ နီးပါး မီးရှို့ခံလိုက်ရတဲ့အတွက် စစ်ကိုင်းတိုင်းအတွင်းမှာ မီးရှို့ဖျက်ဆီး ခံရတဲ့ နေအိမ်အလုံးပေါင်း ၂၀၀၀ ကျော်သွားပါပြီ။
အခုလို နိုင်ငံတစ်ဝန်းမှာ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီကိစ္စတွေဟာ သူတို့လက်ချက်မဟုတ်ဘဲ PDF အဖွဲ့တွေရဲ့လက်ချက်ဖြစ်ကြောင်း ငြင်းဆိုထားပါတယ်။
နိုင်ငံရေးလေ့လာသူတွေကတော့ စစ်ကောင်စီဟာ ရန်သူစိုးမိုးတဲ့နယ်မြေမှာ နေအိမ်တွေ အဆောက်အအုံတွေကို ဖျက်ဆီးပြီး မြေလှန်မီးရှို့တဲ့ မူဝါဒ (scorched-earth policy) ကျင့်သုံးနေတာလို့ သုံးသပ်ပြောဆိုပါတယ်။