ပုလဲမြို့နယ်မှာ စစ်‌ကောင်စီယာဉ်တန်းကို PDF အဖွဲ့က မိုင်းခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဝန်းပြင်ရွာအနီးမှာ အောက်တိုဘာ ၃ ရက် ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ ဘက်က ၂၅ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ပုလဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pale - PDF) က သတင်း ထုတ်ပြန်ပါတယ်။

PDF တပ်ဖွဲ့ဝင်တစ်ချို့ကို တွေ့ရစဉ်။ Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ဝန်းပြင်ရွာအနီးမှာ အောက်တိုဘာ ၃ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပုလဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pale - PDF) က သတင်းထုတ်ပြန်ထားပါတယ်။

တင့်ကား နှစ်စီးပါတဲ့ စစ်ကောင်စီယာဉ်တန်းရဲ့ ရှေ့ပြေးလမ်းကြောင်းမှာ ဆိုင်ကယ်၊ ကားတွေနဲ့ တက်လာချိန် ဝန်းပြင်ရွာနားအရောက်မှာ မိုင်းခွဲတိုက်ခိုက်လိုက်တာလို့ ပုလဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။

"မိုင်းက ၁၆ လုံးတန်းမိုင်းဗျ။ တင့်ကားကတော့ မလာသေးဘူးပေါ့ဗျာ၊ နောက်မှာ ကျန်နေခဲ့တာပေါ့။ ရှေ့ပြေး စစ်ကြောင်းရှိတာပေါ့။ ဆိုင်ကယ်တွေ ကားတွေအကုန် မိုင်းကွင်းထဲ နယ်မြေဆုံးအောင် ရောက်ပြီဆိုတော့မှ ဆွဲချလိုက်တာပဲ။ တော်တော်များများကို ထိခိုက်သွားတာ။ အဲဒီမှာ သူတို့က တော်တော်လေးကို ဒေါသ ထွက်သွားတာ"

မိုင်းကွဲပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ PDF တပ်ဖွဲ့တွေရှိမယ့် နေရာတွေကို လိုက်လံပစ်ခတ်ခဲ့ပေမယ့်လည်း တပ်ဖွဲ့ဝင်တွေ ဒဏ်ရာမရဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဝန်းပြင်ရွာထဲကိုလည်း စစ်ကောင်စီတပ်တွေက ရမ်းကားပစ်ခတ်တာတွေ လုပ်သွားကြလို့ အဲဒီရွာသားတွေကိုလည်း တောင်းပန်ကြောင်း၊ ပြည်သူလူထု လွတ်မြောက်ရေးအတွက် လုပ်နေတာဖြစ်လို့ အထိအခိုက်တွေ ရှိတာကို နားလည်ပေးကြပါလို့လည်း ဗိုလ်နဂါးက ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org