ပုလဲမြို့နယ်ထဲက ရွာတွေကို လက်နက်ကြီးနဲ့ပစ်နေလို့ ဒေသခံနှစ်သောင်းခန့် ထွက်ပြေးရ

စစ်ကောင်စီတပ်စစ်ကြောင်းက ပုလဲမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံနှစ်သောင်း နီးပါး ထွက်ပြေးနေရတယ်လို့ အဲဒီဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် လက်ပုကန်ရွာအနီးမှာ နိုဝင်ဘာလ ၄ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်စစ်ကြောင်းက ပုလဲမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံနှစ်သောင်း နီးပါး ထွက်ပြေးနေရတယ်လို့ အဲဒီဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လူဦးရေနှစ်ထောင်ကျော်ရှိတဲ့ လက်ပုကန်၊ ကြောင်သန်းရွာနဲ့ လူဦးရေ ၅၅၀၀ ကျော်ရှိတဲ့ မင်းတိုင်ပင်ရွာ အပါအဝင် ဦးနှောက်၊ သပြေကုန်း၊ သာယာကုန်း၊ နွယ်ရှောက်၊ မြကုန်းနဲ့ အနီးအနားရွာတွေက ဒေသခံနှစ်သောင်းနီးပါး ထွက်ပြေးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၄ ရက် ညနေ ၄ နာရီလောက် လက်ပုကန်ရွာအရှေ့ထိပ်မှာ စစ်ကြောင်းထိုးလာ တဲ့ အင်အား တစ်ရာကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ တိုက်ပွဲခဲ့ပြီးနောက်ပိုင်း ပုလဲမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း PDF ငါးဦး ပျောက်ဆုံးနေသလို ကားနှစ်စီးပျက်စီးခဲ့ပြီး လက်နက်ခဲယမ်းတချို့ ပါသွားတယ်လို့ တိုက်ပွဲဖြစ်ခဲ့တဲ့ ပုလဲမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဦးဆောင်သူ သခင်ဒေါင်းညိုက RFA ကို ပြောပါတယ်။

“နှစ်ဖက်ထိတွေ့မှုအပြင်းအထန်တိုက်ပွဲ ဖြစ်သွားကြတယ်ဗျ။ ထိတွေ့မှုက ပြင်းထန်တယ်။ ကားနှစ်စီးလည်း ပျက်စီးသွားတယ်။ လက်နက်ခဲယမ်းတချို့လည်း သူတို့သိမ်းဆည်းရမိသွားတယ်။ PDF ရဲဘော်လေး ငါးဦးလည်း ပျောက်ဆုံးနေတယ်။ ရှာနေတုန်းပါ။ ဟိုဘက်(စစ်ကောင်စီ) ကတော့ သုံးယောက် အကျအရှုံး ရှိနိုင်တယ်ဗျ။ သက်သေ အထောက်အထားတွေအရပါ။ မနေ့က ပုလဲမြို့ပေါ်က အဖွဲ့နဲ့ပေါင်းပြီး လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်တာတွေ ရှိတယ်။ လက်ပုကန်နဲ့ ရွာမနည်းဘူး ပြေးနေရတာ”

လက်နက်အင်အားမမျှတဲ့အတွက် သူတို့အဖွဲ့အနေနဲ့လည်း ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိ ပုလဲမြို့ပေါ်မှာအထိုင်ချထားတဲ့ တပ်စခန်းနဲ့ ပြန်ပေါင်းသွားပြီး အနီးအနား ရွာတွေဘက် လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အပြင် ပုလဲ - ဂန့်ဂေါလမ်းမကိုလည်း ပိတ်ဆို့ထားလိုက်ပြီလို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီးမြို့နယ်တစ်ကြောက ရွာတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ဆန်းပိုင်းကတည်းက လှည့်ပြီး စစ်ကြောင်းထိုးနေတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေ ကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိနေပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org