ပလက်ဝမှာ ဒုက္ခသည်တွေ အတင်းအဓမ္မ စစ်တပ်ရိက္ခာထမ်းခိုင်းခံနေရ

ဒုက္ခသည်တွေဘက်က ရိက္ခာမသယ်ပေးဘူးဆိုရင် ဒုက္ခသည်စခန်းတွေကို ထောက်ပံ့နေတဲ့ ဆန်တွေကို ဖြတ်တောက်မယ်လို့ ခလရ (၂၈၉) ဒုတပ်ရင်းမှူးအောင်မင်းသူက ခြိမ်းခြောက်နေတယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ File Photo: Reuters

ချင်းပြည်နယ် ပလက်ဝမြို့နယ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရွာသားတွေကို စစ်ကောင်စီတပ်သားတွေက အတင်းအကြပ် စစ်တပ်ရိက္ခာ သယ်ခိုင်းနေတယ်လို့ ဒုက္ခသည်စခန်းတာဝန်ခံတစ်ဦးက RFA ကိုပြောပါတယ်။

ဒုက္ခသည်စခန်းတစ်ခုကနေ လူ ၁ဝ ယောက်ဆီခေါ်ပြီး မနက်ဖြန်ကစလို့ ရိက္ခာသယ်ခိုင်းနေတာလို့ ဆိုပါတယ်။ ဒုက္ခသည်တွေဘက်က ရိက္ခာမသယ်ပေးဘူးဆိုရင် အဲဒီစခန်းတွေကို ထောက်ပံ့နေတဲ့ ဆန်တွေကို ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်နေတယ်လို့လည်း ပြောပါတယ်။

"စစ်တပ် ၂၈၉ ဒုတပ်ရင်းမှူး သူတို့ခေါ်တာ အဘလေးအောင်မင်းသူတဲ့။ သူကနေ ခြိမ်းခြောက်နေတာပါ။ ရိက္ခာမသယ်ပေးရင် ဒုက္ခသည်စခန်းမှာ လစဉ်ထောက်ပံ့နေတဲ့ ဆန်ကို မထောက်ပံ့ဘူးလို့ ခြိမ်းခြောက်နေတယ်။ ဘယ်သူကမှ မသယ်ပေးချင်ကြဘူး၊ ခရီးက နည်းနည်းနောနောမဟုတ် တော်တော်ဝေးတယ်လေ" လို့ စခန်းတာဝန်ခံတစ်ဦးက ပြောပါတယ်။

ခြေလျင်ခရီးနဲ့ဆိုရင် ငါးနာရီလောက်ဝေးပြီး တောင်တက်ခရီးလမ်းကနေသွားရတဲ့ ပလက်ဝမြို့နယ် အဘောင်သားရွာကနေ ခဝဲရွာကို စစ်တပ်က ရိက္ခာတွေ သယ်ခိုင်းနေတာဖြစ်ပါတယ်။ စစ်ကားငါးစီးနဲ့ အပြည့်ပါတဲ့ ရိက္ခာတွေကို နောက်ထပ် စစ်တပ်တစ်တပ်ကိုပို့ဖို့ ရွာသားတွေကို အတင်းအဓ္ဓမ ခိုင်းစေနေတာလို့ ပြောပါတယ်။

ရိက္ခာသယ်ဖို့ ရွာသားတွေကိုခြိမ်းခြောက်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ခလရ (၂၈၉) ဒုတပ်ရင်းမှူးအောင်မင်းသူကို RFA က ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သားတွေ လမ်းကြောင်းမှာ တိုက်ခိုက်ခံနေရတာကြောင့် ရွာသားတွေကို ရိက္ခာသယ်ယူဖို့၊ လမ်းပြဖို့ အတင်းစေခိုင်းတဲ့ ဖြစ်ရပ်တွေရှိနေပါတယ်။

စစ်ကိုင်းတိုင်းဘက်မှာဆိုရင် စစ်တပ်က လမ်းပြခေါ်သွားပြီးနောက် သတ်ဖြတ်ခံရသူတွေရှိသလို ရိက္ခာသယ်ဖို့ခေါ်သွားခံရပြီးနောက် တိုက်ပွဲကြားမှာ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေလည်း ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org