ပလက်ဝ ဒုက္ခသည် နှစ်ထောင်ကျော်အတွက် ဆန်အရေးတကြီးလိုအပ်နေ
တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်ရှိလာတဲ့ ချင်းပြည်နယ် ပလက်ဝမြို့မှာ ဆန်ပြတ်လပ်နေတဲ့အတွက် ဆန်တင်ပို့ခွင့်ရဖို့ အရေးတကြီး လိုအပ်နေပါတယ်။
-
သန့်ဇင်ဦး
2020-04-08 -
-
-
တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်ရှိလာတဲ့ ချင်းပြည်နယ် ပလက်ဝမြို့မှာ ဆန်ပြတ်လပ် နေတဲ့အတွက် ဆန်တင်ပို့ခွင့်ရဖို့ အရေးတကြီး လိုအပ်နေပါတယ်။
ဒုက္ခသည်တွေအပြင် ဒေသခံတွေအတွက်ပါ ဆန်အရေးတကြီးလိုအပ်နေတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က RFA ကို ပြောပါတယ်။
"ဆန်ကတော့မရှိဘူး၊ လောလောဆယ် ဟိုတလောက ဆမီးကနေသယ်တဲ့ ဆန်အိတ် ၈၀ ရောက်တာပေါ့လေ အခုလည်းမရှိတော့ပါဘူး၊ အဲတာရှိရင်တော့ ဆန်ကတော့လိုတော့မယ်၊ မနေ့တစ်နေ့ကထအထိ လူ ၁၉၈၆ ယောက် ရောက်တယ်၊ မနေ့ကနေ ဒီနေ့အထိ တောက်လျှောက်ကိုတက်လာနေတုန်းပဲဆိုတော့ ဒီနေ့ဆိုလို့ ရှိရင်တော့ ကျွန်တော်ထင်တယ် အယောက် နှစ်ထောင်ကျော်တော့မယ်ထင်တယ်၊ မြို့ပေါ်မှာအခုဆန်က လုံးဝမရှိဘူး၊ ဆမီးမှာတော့ ဆန်တွေရှိသေးတယ်၊ တပ်ဘက်ကလည်း လုံခြုံရေးပေးမယ် အေအေဘက်ကလည်း ဒါကိုအနှောင့်အယှက်မပေးဘူးဆိုရင်တော့ ဆမီးကနေ ပလက်ဝကို ဆန်သယ်ပေးလို့ရမယ်။"
ပလက်ဝမြို့ကနေ နှစ်နာရီခရီး ဝေးကွာတဲ့ ဆမီးမြို့မှာ ဆန်အိပ် လေးထောင်လောက် ရောက်နေသလို စစ်တွေမြို့မှာလည်း ဆန်အိတ် ခြောက်ထောင် ဝယ်ယူထားပြီး နယ်မြေမအေးချမ်းတဲ့ ပလက်ဝမြို့ကို တင်ပို့နိုင်ဖို့ စောင့်ဆိုင်းနေကြတာပါ။
ဆန် အမြန်ဆုံးတင်ပို့နိုင်ရေး ကြိုးစားနေတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။
"ဟုတ်ပါတယ်၊ ပလက်ဝကိုတော့ လောလောဆယ်အနေအထားအရ ဆန်လုံးဝပို့လို့မရဘူးဖြစ်နေတယ်၊ အဲဒီ အတွက်တော့ အခက်အခဲများကြီးဖြစ်ပါတယ်၊ ပို့လို့ရအောင်လည်း တပ်ကတော့ လမ်းကြောင်းပေါ့ အခုရှင်းနေ ပါတယ်၊ လမ်းကြောင်းရှင်းရင်းနဲ့လည်း အခုတိုက်ပွဲတွေဖြစ်နေတာပေါ့၊ ပို့လို့ရအောင်တော့ ကျွန်တော်တို့ ကြိုးစား နေပါတယ်၊ ဆန်အိတ်ကအပြည့်အစုံရှိတယ်၊ စစ်တွေမှာလည်း ဆန်အိတ် ၆၀၀၀ လောက်ဝယ်ထားတယ်၊ ဆမီး မှာလည်း ဆန်အိတ် ၃၀၀၀ ကျော်လောက်ရှိတယ်၊ ပို့ပို့အဆင်သင့်ဖြစ်ပါတယ်ခင်ဗျ၊ ဒီရက်ပိုင်းနယ်မြေရှင်းလင်း ပြီးရင်တော့ ဆန်ကို ကားနဲ့ပို့လို့ရလိမ့်မယ်လို့ ထင်ပါတယ်။"
ဆမီးမြို့ကနေ ဆိုင်ကယ်တစ်စီးကို ဆန်နှစ်အိတ်စီတင်ပြီး သယ်ကြသူတွေရှိပေမယ့် ဒါဟာ လိုအပ်ချက်ကို မဖြည့်ဆည်းရုံသာမက သယ်ယူပို့ဆောင်စရိတ်လည်း အဆမတန်ကြီးနေပါတယ်။
ပလက်ဝမြို့မှာ ဆန်ကြမ်းတစ်အိတ်ကို ငွေခုနှစ်သောင်း ပေးရင်တောင် လိုသလောက် ဝယ်မရဘူးလို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပလက်ဝဒေသခံ တစ်ယောက်က ပြောပါတယ်။
"ဆန်ကတော့ ဈေးကြီးကြီးနဲ့ မရရအောင် ကြံဖန်ပြီးမှဝယ်နေရတာပါပဲ၊ အခုဆန်တစ်အိတ်က ဒီမှာ ခြောက် သောင်း ခုနှစ်သောင်းရှိတယ်၊ အဲလိုဈေးနဲ့ပဲ ဝယ်ပြီးတော့မှစားနေကြတယ်၊ အဲလိုဝယ်ဖို့တောင်မှ ဆန်ကဖောဖော သီသီမရှိဘူး၊ ဒုက္ခသည်က တစ်မြို့နယ်လုံးမှာ ဟိုနားနေ ဒီနားနေဆိုတော့ မတ်လ ၂၃ ရက်နေ့ကောက်တဲ့ စာရင်းအရ နှစ်ထောင်ကျော်ရှိပြီ၊ ဒီမှာဆန် ခြောက်သောင်းနဲ့ ရတာတောင်မှ ဆမီးဘက်ကနေပြီး ဆိုင်ကယ်နဲ့ တင်နေလို့၊ ဆိုင်ကယ်နဲ့လာလို့ရလို့၊ ဆိုက်ကယ်တစ်စီးနဲ့ ဆန်နှစ်အိတ်တင်တင်လာတယ် ဒီရက်ပိုင်းမှာ၊ နောက်ပိုင်းကျရင်တော့ တော်တော်လေးဒုက္ခရောက်လာလိမ့်မယ်"
ဒုက္ခသည်စခန်း မရှိတဲ့အတွက် နီးစပ်ရာဆွေမျိုးအိမ်တွေ၊ ခရစ်ယာန်အသင်းတော်တွေမှာ ခိုလှုံနေရသူ အရေအတွက်ဟာ မတ်လ ၂၃ ရက်နေ့အထိ နှစ်ထောင်ဝန်းကျင်ရှိခဲ့ပြီး ဒီရက်ပိုင်းမှာ ထပ်တိုးလာတဲ့အတွက် အခုဆိုရင် နှစ်ထောင်ကျော်နေပြီလို့ အဲဒီဒေသခံက ပြောပါတယ်။
ပလက်ဝ မြို့ပေါ်ရပ်ကွက်တွေမှာ လူဦးရေရှစ်ထောင်ဝန်းကျင် နေထိုင်နေပြီး တစ်မြို့နယ်လုံးမှာဆိုရင် လူဦးရေ တစ်သိန်းလောက် ရှိတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းက ဆမီးမြို့ကနေ ပလက်ဝမြို့ကို ဆန်အိတ် ၈၀ လောက် တင်ပို့လို့ရခဲ့ပေမယ့် လက်ရှိမှာတော့ ပြတ်လပ်သွားပါပြီ။
ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန် မြစ်ကြောင်း တလျှောက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲတွေကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း အကြီးအကျယ် ထိခိုက်ခဲ့ပြီး ပလက်ဝမြို့နယ်မှာ ရိက္ခာ ပြတ်လပ်နေတာ ဖေဖော်ဝါရီလကတည်းက ဖြစ်ပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကတော့ ဆမီးမြို့ကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို စားနပ်ရိက္ခာ ပေးပို့နိုင်ခဲ့တယ်လို့ ဧပြီ လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ လူ ၂၆၀၀ စာ စားသုံးဖို့အတွက် ဆန်၊ ဆီ၊ ဆားနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ နှစ်လစာ လုံလောက်အောင် ပေးပို့ထားပြီး၊ အာဟာရချို့တဲ့တဲ့ မိခင်နဲ့ ကလေးငယ်တွေအတွက် သင့်တော်မယ့် အစားအသောက်တွေ နောက်ထပ် ပေးပို့ဖို့ စီစဉ်နေတဲ့အကြောင်း၊ အဲဒီမြို့နယ်ထဲမှာ ရှိနေသေးတဲ့ တခြား စစ်ဘေးဒုက္ခသည်တွေကို ပေးပို့နိုင်ဖို့လည်း ကြိုးစားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။