ပလက်ဝမြို့ကို ရိက္ခာဆက်ပို့မယ်လို့ အစိုးရနဲ့ တပ်မတော် ပြော

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကစလို့ ဆန်ရိက္ခာပြတ်လပ်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ကို မနေ့က ဆန်အိတ် ၈၀၀ ကျော် ပထမဆုံး ရောက်ရှိသွားပြီး ဒီပမာဏဟာ မြို့ပေါ်က လူဦးရေ တစ်သောင်း ကျော်အတွက် တစ်ပတ်စာ ဖူလုံသွားပါတယ်။

ဆမီးမြို့ဒုက္ခသည်စခန်းမှာ ဝန်ကြီးဦးစိုးထက်ကို ၂ဝ၂ဝ ဧပြီ ၁၉ ရက်နေ့က တွေ့ရစဉ် Photo: Soe Htet -FB

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကစလို့ ဆန်ရိက္ခာပြတ်လပ်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ကို မနေ့က ဆန်အိတ် ၈၀၀ ကျော် ပထမဆုံး ရောက်ရှိသွားပြီး ဒီပမာဏဟာ မြို့ပေါ်က လူဦးရေ တစ်သောင်း ကျော်အတွက် တစ်ပတ်စာ ဖူလုံသွားပါတယ်။

နောက်ပိုင်းမှာလည်း သုံးလစာလောက် ဆန်ဆက်လက်ထောက်ပံ့ပေးနိုင်ရေး စီစဉ်သွားမယ်လို့ တပ်မတော်နဲ့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ကနေ ပလက်ဝမြို့ပေါ်ကို ကုန်းလမ်း၊ ရေလမ်းတွေကနေ တစ်ဆင့် ၄ ရက်ကြာ ပို့ခဲ့ရတဲ့ ထောက်ပံ့ရေးဆန်တွေ မနေ့က မြို့ပေါ်ကို ရောက်ရောက်ချင်းမှာ ဒုက္ခသည်စခန်းတွေကို တစ်ပတ်စာ ဝေငှလိုက်ပါတယ်။

တစ်လခွဲကျော်ကြာလောက် ဆန်ရိက္ခာပြတ်လပ်နေတဲ့ ပလက်ဝမြို့ပေါ်ကို ရောက်သွားတဲ့ ဆန်အိတ် ၈၃၀ ထဲမှာ ပြည်ထောင်စုအစိုးရက သင်္ကြန်ကာလအတွက် လက်လုပ်လက်စားတွေကိုပေးတဲ့ ပလက်ဝမြို့အတွက် ခွဲတမ်းကျ ဆန်တွေလည်း ပါဝင်ပါတယ်။

လူတစ်ဦးကို တစ်ရက် ဆန် ၂ ဗူးနဲ့ တွက်ချက်ထားလို့ စစ်ဘေးဒုက္ခသည် ၃၇၀၀ ကိုပဲ ဝေဌမယ်ဆိုရင် ဒီပမာဏဟာ သုံးပတ်စာရှိပြီး မြို့နေလူထုအားလုံးကို ဝေငှမယ်ဆိုရင်တော့ တပတ်စာ ပမာဏသာရှိတာပါ။

စစ်ဘေးဒုက္ခသည်တွေအပြင် မြို့နေလူထုအားလုံးကို အခမဲ့ဝေငှပေးဖို့အတွက် ကြေးနန်းနဲ့ အကြောင်းကြားထား တယ်လို့ ဝန်ကြီးဦးစိုးထက်က ပြောပါတယ်။

“လောလောဆယ် မနေ့က ကြေးနန်းနဲ့ ပြောလိုက်တာတော့ မြို့လူထုကိုလည်းပေး၊ ဝန်ထမ်းတွေကိုလည်းပေး၊ IDP တွေကိုလည်း တစ်ပတ်စာပေးလိုက်၊ အားလုံးကို ရအောင်လုပ်လိုက် အခမဲ့ပဲဝေလိုက် အဲလိုတော့ ပြော ထားတယ်။ ဖုန်းမရတော့ အသေးစိတ်ပြောလို့ မရဘူးဖြစ်နေ။ နောက်ထပ် ဆန်အိတ် ၁၅၀၀ လောက်ကတော့ ဒီရက်ပိုင်းမှာ နယ်မြေလုံခြုံရေး အခြေအနေကောင်းတယ်။ သွားလို့ရတယ်ဆိုရင် ဆက်တိုက်ပို့သွားမှခင်ဗျ”

ဆက်သွယ်ရေး အခက်အခဲကြောင့် ဆန်တွေကို ခွဲဝေပေးတဲ့ အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ ဝန်ကြီးက ပြောပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပလက်ဝမြို့နယ်အတွက် သုံးလစာ ထောက်ပံ့ပေးထားတဲ့ ဆန်အိတ် ၆၀၀၀ ခန့် စစ်တွေမြို့မှာ ရှိနေပြီး၊ အလှူရှင်တွေ လှူဒါန်းထားတဲ့ ဆန်အိတ် ၃၃၀၀ လောက် ဆမီးမြို့မှာ ရှိနေပါတယ်။

တိုက်ပွဲတွေနဲ့ နယ်မြေလုံခြုံရေး အခြေအနေအရ ပလက်ဝမြို့ပေါ်ကို ဆန်အိတ်တွေ လွယ်လင့်တကူ မပို့နိုင်ဘဲ ဖြစ်နေတာပါ။

လတ်တလောမှာ ဆမီးနဲ့ ပလက်ဝမြို့ ကြားမှာ တိုက်ပွဲတွေရှိနေပြီး ကားလမ်းကြောင်း ရှင်းမယ်ဆိုရင်တော့ ဆန်တွေ ဆက်ပို့နိုင်မှာပါ။

တပ်မတော်က လုံခြုံရေးပေးလို့ ပထမဆုံးအကြိမ်ပို့တဲ့ ဒီတစ်ခေါက်မှာတော့ ကား ၁၁ စီးနဲ့ ဆန်အိတ် ၈၅၀ တင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ ကားတစ်စီးကပျက်လို့ ဆန်အိတ် ၅၀ ဆမီးမှာ ကျန်ခဲ့ပါတယ်။

တပ်မတော်က လမ်းလုံခြုံရေးရယူပြီး ပို့ဆောင်တာဖြစ်ကြောင်းနဲ့ ဆက်လက်ပို့မယ့် အစီအစဉ်တွေရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

“ဆမီးကနေ ပလက်ဝကို ပို့တာရှိနေတာပေါ့။ ၁၆ ရက်နေ့မှာ တပ်ကနေ လမ်းလုံခြုံရေး ဆောင်ရွက်တယ်။ ကျွန်တော်တို့ကတော့ လုံခြုံရေးယူပေးတာပဲရှိတယ်။ လက်ခံတာကတော့ ပလက်ဝက မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေရယ်၊ ရပ်မိရပ်ဖတွေရယ်၊ ဘာသာရေး အသင်းအဖွဲ့တွေက လက်ခံတယ်။ ကျွန်တော် သိရသလောက် ဆက်ပြီးလုပ်ဦးမယ့်သဘောရှိတယ်။ သူကအနည်းဆုံး ချင်းပြည်နယ်အစိုးရအဖွဲ့က သုံးလစာရအောင် ဆက်ပို့လိမ့်မယ်”

ကုလားတန်မြစ်ကူးတံတားပြီးသွားပြီဖြစ်လို့ ဆမီးမြို့ကနေ ပလက်ဝမြို့ထဲအထိ ကုန်းလမ်းနဲ့ သွားလို့ရပေမယ့် ကုလားတန်မြစ်ကူးတံတားထိပ်မှာ လုံခြုံရေးစိတ်မချရလို့ ကုန်းလမ်း၊ ရေလမ်းနှစ်မျိုးသုံးပြီး ဆန်တွေကို ပို့ဆောင်ရတာလို့ ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

ဆန်အိတ်တွေရောက်ရှိသွားတာကို ဝမ်းသာရပြီး နောက်ပိုင်းမှာလည်း အခက်အခဲမရှိဘဲ ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တယ်လို့ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက် က ပြောပါတယ်။

“ဝမ်းသာပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ဟာတော့ အားလုံးမဟုတ်သေးဘူးပေါ့။ နောက်ဆက်တွဲ လုပ်ရမယ့် အချိန်မှာလည်း အခက်အခဲမရှိဘဲ အဲနေရာမှာ ရောက်နိုင်ဖို့ လိုချင်တာပေါ့။ ကျွန်တော်လည်း တောင်ကုန်းက နေပဲ ဖုန်းဆက်ရလို့ ဘယ်လိုပုံစံဝေသလဲ၊ ဘယ်လောက်ရသလဲ။ ဒုက္ခသည်သက်သက် ဝေသလား၊ မြို့ပေါ် မှာရှိတဲ့ လူထုတွေရော ရသလားဆိုတာ ကျွန်တော်က အတိအကျ မသိရသေးဘူး”

သူက ဆမီးမြို့မှာ နေထိုင်နေတာဖြစ်လို့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေတဲ့ ပလက်ဝမြို့ပေါ် အခြေအနေကို အသေးစိတ် သိခွင့်မရဘူးလို့ ပြောပါတယ်။

ပလက်ဝမြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် ၃၇၀၀ ကျော်နဲ့ မြို့ခံလူထု ၇၀၀၀ ကျော် ရှိပါတယ်။ မနေ့က ပလက်ဝမြို့ပေါ်ကို ရောက်သွားတဲ့အထဲမှာ ဆန်အပြင် ကုလားပဲ၊ ဆီ၊ ဆား စတဲ့ အခြေခံစားသောက်ကုန် တချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

အခုလို ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေချိန်မှာ တိုက်ပွဲတွေကို ရပ်ဆိုင်းထားဖို့ အရပ်ဖက်အဖွဲ့တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေက တိုက်တွန်းတောင်းဆိုမှုတွေရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org