စစ်ကိုင်း ပန်းချီရွာမှာ သုံးဦးပစ်သတ်ခံရပြီး နေအိမ်သုံးဆယ်နီးပါး မီးရှို့ခံရ
စစ်ကိုင်းမြို့နယ် ပန်းချီရွာမှာ ဒီဇင်ဘာ ၁၂ ရက်နေ့က စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းစဉ် သုံးဦး ပစ်သတ်ခံရပြီး၊ နေအိမ် သုံးဆယ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
-
RFA Burmese
2023-12-13 -
-
-
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ပန်းချီရွာမှာ ဒီဇင်ဘာ ၁၂ ရက်နေ့က စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းစဉ် သုံးဦး ပစ်သတ်ခံရပြီး၊ နေအိမ် သုံးဆယ်နီးပါး မီးရှို့ဖျက်ဆီးခံရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသတ်ခံရသူ သုံးဦးအနက် တစ်ဦးက ရိုးရိုးအရပ်သားဖြစ်ပြီး ကျန်နှစ်ဦးက ဒေသအခြေစိုက် ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေထွက်လာတဲ့ အင်အား တစ်ရာကျော်ပါ စစ်ကြောင်းဟာ ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ ပန်းချီရွာထဲကို သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး အသက် ၄၀ အရွယ် ရွာသား ကိုလင်းလင်းကို ပစ်သတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
"သူတို့က သေနတ်တွေ ကျယ်ကျယ်လောင်လောင်ဖောက်ပြီး ရွာထဲကို ပစ်ပြီးဝင်လာတယ်။ ရွာခေါင်းဆောင်ရဲ့ နေအိမ်လို့ယူဆတဲ့ အိမ်ကနေ စမီးရှို့တာပေါ့။ ပစ်သတ်ခံရတဲ့ တစ်ယောက်ဆိုရင် သူ့အဘ (အဖေ)နဲ့ အမေက မပြေးနိုင်တာပေါ့ဗျာ၊ သူသားက ထမ်းခေါ်မယ်ဆိုပြီး ပြန်အခေါ်မှာ လှမ်းပစ်လိုက်တာ၊ ရင်ဘတ်ကို မှန်တာ။ မနေ့ကပဲ ချက်ချင်း သင်္ဂြိုဟ်လိုက်ရတယ်"
အဲဒီနေ့တစ်ရက်တည်းမှာပဲ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကို ရွာအနီးမှာ ပစ်သတ်ခဲ့ပြီး ရွာသားဆယ်ဦးခန့်ကို ကျေးရွာဘုန်းကြီးကျောင်းထဲမှာ ဖမ်းစီးစစ်ဆေးခဲ့တယ်၊ အဲဒီနောက် ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ သူက ပြောပါတယ်။
ပန်းချီရွာကိုမဝင်ခင် ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက ရွာအနီးရှိ အမှတ် (၆၀၀၅) တင့်ကားတပ်ရင်းက စစ်ဗိုလ်တစ်ဦးနဲ့ စစ်သားတစ်ဦး ပျောက်ဆုံးသွားတဲ့အတွက် ပန်းချီရွာကို ဝင်ရောက်စီးနင်းခဲ့တာလို့ နောက်ထပ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"တကယ်တမ်းက သူတို့ (စစ်သားတွေ) က CDM ဝင်ချင်တယ်ကြားတယ်။ သူတို့က ကာကွယ်ရေးအဖွဲ့တွေနဲ့ အချိတ်အဆက်လုပ်ပြီး အုန်းတောရွာထဲ စျေးဝယ်ထွက်ရင်း ကားနဲ့ပါသွားတာ။ သူတို့ (စစ်တပ်) အမြင်မှာတော့ (PDF) က ဖမ်းတာဆိုပြီး ထင်တာပေါ့။ ပန်းချီရွာနားက ရေမျက်ကြီးရွာကို သွားတဲ့လမ်းဘက် မောင်းသွားတာ တွေ့လိုက်တာပေါ့။ သူတို့က ရေမျက်ကြီးကို လိုက်သွားတော့ အဲမှာမရှိဘူး။ အဲဒါနဲ့ ပန်းချီရွာကို ဝင်တာ။ အခုဆို အကုန်ရှောင်နေကြရတာ"
ဒီဇင်ဘာ ၁၃ ရက် ဒီနေ့မနက်ပိုင်းမှာလည်း အုန်းတော (မြောက်)ရွာ ဘုန်းကြီးကျောင်း နှစ်ကျောင်းမှာ တိမ်းရှောင် နေတဲ့ ရွာသားတွေထဲက ၁၅ ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ သူက ပြောပါတယ်။
ဒီဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် စစ်ကိုင်းမြို့နယ် ပန်းချီရွာ၊ အုန်းတောရွာနဲ့ ရေမျက်ရွာက ဒေသခံ ငါးထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် ကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုတာမရှိပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလတုန်းကလည်း ပန်းချီရွာအနီးက ကာကွယ်ရေးတပ်စခန်း စီးနင်းခံရပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင် ရှစ်ဦး အသတ်ခံခဲ့ရပါတယ်။