ပန်ဒါစက်ရုံ ဆန္ဒပြ အလုပ်သမားတွေနဲ့ အလုပ်ရှင်တို့ ကနဦး သဘောတူညီမှုရရှိ
2016.11.02

၅ လနီးပါးကြာ ဆန္ဒပြနေတဲ့ မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံ အလုပ်သမားတွေနဲ့ အလုပ်ရှင်တို့ဟာ တိုင်းအစိုးရအဖွဲ့က ဖွဲ့စည်းပေးလိုက်တဲ့ ပြန်လည်စေ့စပ် ညှိနှိုင်းရေးအဖွဲ့ရဲ့ ညှိနှိုင်းပေးမှုအပေါ် လက်ခံမှာဖြစ်ကြောင်း ဒီနေ့ သဘောတူလိုက်ပါတယ်။
ဒီနေ့ တိုင်းအစိုးရရုံးမှာ အလုပ်ရှင်၊ အလုပ်သမားတွေနဲ့ အစိုးရအဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပြီး သဘော တူညီချက် လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
ပြန်လည်စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို တိုင်းဝန်ကြီး ၂ ဦးက ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဥပဒေအရာရှိ အပါအဝင် ၁၂ ဦး နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ စက်မှုဝန်ကြီးဌာနကနေ ပန်ဒါကုမ္ပဏီကို လွှဲပြောင်းခဲ့တဲ့ စက်ရုံဝန်ထမ်း ၆၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကစပြီး အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့အတွက် စက်ရုံရှေ့မှာ ထိုင်သပိတ်ဆင်နွှဲနေကြတာဖြစ်ပါတယ်။
သူတို့တွေကို နိုင်ငံ့ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်တွေအတိုင်း ဆက်လက်ထားရှိပေးဖို့ ကုမ္ပဏီကို တောင်းဆိုနေကြတာပါ။ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် တောင်းဆိုနေကြသူ ၆၆၄ ဦးဟာ စက်မှုဝန်ကြီးဌာနရဲ့ အစိုးရဝန်ထမ်းဟောင်းတွေဖြစ် ကြပါတယ်။