ပန်ဒါ စက်ရုံပိုင်ရှင်ကို အရေးယူမယ်

မန္တလေးတိုင်း ပုလိပ်မြို့က ပန်ဒါချည်မျှင်နဲ့အထည်အလိပ်စက်ရုံမှာ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် ချိုးဖေါက်သူကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ဥပဒေကြောင်းအရ အရေးယူတော့မယ်လို့ သိရပါတယ်။

မန္တလေးတိုင်း ပလိပ်မြို့က ပန်ဒါ ချည်မျှင်အထည်စက်ရုံ အလုပ်သမားတွေ ဇွန်လ ၃ ရက်နေ့က ဆန္ဒပြစဉ် Photo: Hset Paing Toe/RFA

မန္တလေးတိုင်း ပုလိပ်မြို့က ပန်ဒါချည်မျှင်နဲ့အထည်အလိပ်စက်ရုံမှာ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် ချိုးဖေါက်သူကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ဥပဒေကြောင်းအရ အရေးယူတော့မယ်လို့ သိရပါတယ်။

ပန်ဒါစက်ရုံရဲ့အလုပ်ရှင်က သဘောတူစာချုပ်ချိုးဖေါက်လို့ ဆိုပြီး အလုပ်သမား ၇ ရာကျော် သပိတ်မှောက်နေတာ ၅ ရက်ကြာပြီဖြစ်ပါတယ်။

ဒီပြဿနာကို နေပြည်တော်က အလုပ်သမားဆက်ဆံရေး ဦးစီးဌာနညွှန်ကြားရေးမှူးတွေ ညှိနှိုင်း ဖြေရှင်းပေးနေသလို၊ EC စာချုပ်လို့ခေါ်တဲ့ အလုပ်ရှင်-အလုပ်သမားသဘောတူစာချုပ် ချိုးဖေါက်သူကို ဥပဒေကြောင်းအရအရေးဖို့ဆောင်ရွက်နေတဲ့အကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန မန္တလေးတိုင်း ဦးစီးမှူး ဦးမင်းမင်းဝင်းကပြောပါတယ်။

"အလုပ်ရှင်နဲ့ အလုပ်သမားတွေအတွက် ပြေလည်ဖို့ကို နေ့တိုင်းဆောင်ရွက်ပေးနေတာပါခင်ဗျာ၊ စနေ၊ တနင်္ဂနွေ၊ တနင်္လာ ဆက်တိုက်ညှိနှိုင်းနေတာပါ၊ အလုပ်ရှင်ကိုလည်းခေါ်တယ်၊ အလုပ်သမားကိုလည်းခေါ်တယ်၊ ဥပဒေနဲ့အညီဆောင်ရွက်နေပြီဖြစ်တာကြောင့် လုပ်ငန်းခွင်ထဲဝင်ရောက်ပြီးမှ တောင်းဆိုဖို့၊ ဌာနဆိုင်ရာတွေကလည်း လုပ်သင့်၊ လုပ်ထိုက်တာတွေကို လုပ်နေပြီဆိုတဲ့အကြောင်း ပြောပြီးညှိနေတာပါ၊ စာချုပ်ချိုးဖောက်တဲ့သူကိုတော့ ဥပဒေနဲ့အညီအရေးယူသွားမှာပါ"

သပိတ်မှောက်အလုပ်သမားတွေကလည်း သူတို့အနေနဲ့ အရင်ကတည်းကသဘောတူထားတဲ့ စာချုပ်ကို အလုပ်ရှင်ဘက်က လိုက်နာဖို့တောင်းဆိုနေ တာသာဖြစ်ပြီး၊ မလိုက်နာတဲ့အလုပ်ရှင်ကိုအရေးယူဖို့ တင်ပြထားတာဖြစ်တယ်လို့ ပန်ဒါအလုပ်သမားသမဂ္ဂအတွင်းရေးမှူး မဇာခြည်ဝင်းကပြောပါတယ်။

"စက်မှုဝန်ကြီးဌာနရယ်၊ ပန်ဒါကုမ္ပဏီချုပ်တဲ့ စာချုပ်ထဲမှာ အလုပ်သမားတွေရဲ့အာမခံချက်လိုမျိုး အချက်တွေပါတယ်၊ အဲ့အချက်တွေကို အလုပ်ရှင်ကချိုးဖောက်တယ်၊ နောက်တစ်ခါထပ်ချိုးဖောက်တယ်၊ တတိယအကြိမ်ဖြစ်ခဲ့တာ၊ အလုပ်သမားတွေက အသစ်တွေထပ်ပြီး တောင်းဆိုတာလည်းမဟုတ်ဘူး၊ နဂိုမူရင်းလုပ်ပိုင်ခွင့်ကိုပဲ ပြန်တောင်းတာ၊ ဒီလိုသပိတ်တွေမလုပ်ချင်လို့ စာတင်ထားတာ ၃ လရှိပြီ"

သပိတ်မှောက်အလုပ်သမား ၇ဝဝ ကျော်ဟာ အရင်က ပုလိပ်ချည်မျှင်နဲ့အထည်အလိပ်စက်ရုံရဲ့ အစိုးရဝန်ထမ်းတွေဖြစ်ပြီး၊ ပန်ဒါကုမ္ပဏီကို လွှဲပြောင်းလိုက်တဲ့အခါ ပုဂ္ဂလိကစက်ရုံအလုပ် သမားတွေအဖြစ်နဲ့ဆက်လက်လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org