သာဂရမြို့ဟောင်း မပျက်စီးအောင် ထိမ်းသိမ်းရေး လွတ်တော်အမတ်တွေ တင်ပြ
ဒီကနေ့ နေပြည်တော်မှာ ဆက်လက် ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးတွေမှာ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ ကျေးရွာ အုပ်ချုပ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။
-
2011-09-08 -
-
-
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ
Photo: AFP/MRTV 4
အမျိုးသား လွှတ်တော် ဆွေးနွေးပွဲမှာ ချင်းပြည်နယ်က လွှတ်တော် ကိုယ်စားလှယ် တင်သွင်းတဲ့ ဘာသာရေးနဲ့ ပတ်သက်တဲ့ အဆိုကို သာသနာရေး ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က RFA ကို ပြောပါတယ်။
အတည်ပြုတာမရှိပဲ အဆိုတွေကို ဆွေးနွေးဖို့ လက်ခံတာ၊ မေးခွန်းတွေ လာဖြေတာပဲ ရှိကြောင်း၊ ထူးခြားတဲ့ အချက်ကတော့ ချင်းပြည်နယ် မဲဆန္ဒနယ် (၃) အမတ်က ဘာသာရေးနဲ့ ပတ်သက်ပြီး တင်ပြတာရှိကြောင်း၊ မြန်မာ့ရုပ်မြင်သံကြားက ဘာသာရေးများကို တလတကြိမ် ပုံမှန် ဟောပြောခွင့်ပေးနိုင်ရေး ကိစ္စ ဆောင်ရွက်ပေးရန် ဆိုပြီး မေးမြန်းရာမှာ၊ သာသနာရေး ဝန်ကြီး ဌာနက ခွင့်ပြု-မပြု ဖြေဆိုတာ မရှိပဲ စာအုပ် စာစောင်တွေကို ခွင့်ပြုထားတာ ရှိပါတယ် ဆိုပြီး ဖြေကြားသွားကြောင်း ဒေါက်တာ အေးမောင်က ပြောပါတယ်။
ဒါ့ပြင် ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းကြောင့် သာဂရ မြို့ဟောင်း မပျက်စီးအောင် ထိန်းသိမ်းရေး၊ စစ်တွေ ဆိပ်ကမ်းနဲ့ မြောက်ဦး ဆိပ်ကမ်းကို အဆင့် မြှင့်တင်ရေး၊ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဖွံ့ဖြိုးရေးနဲ့ အသိပညာ ပေးရေး စတဲ့ကိစ္စတွေကို သက်ဆိုင်ရာ လွှတ်တော် အမတ်တွေက အဆို တင်သွင်းခဲ့ကြပြီး၊ ပို့ဆောင်ရေး ဝန်ကြီး၊ ပြန်ကြားရေး ဝန်ကြီးတွေက ပြန်လည် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ကချင် ပြည်နယ်မှာ တည်ဆောက်နေတဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ ပတ်သက်လို့တော့ ဒီကနေ့ အထိ လွှတ်တော်မှာ တင်ပြ ဆွေးနွေးတာတွေ မရှိသေးဘူးလို့လည်း သိရပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး မှာတော့ ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေး ဥပဒေ မူကြမ်းကို တနင်္လာနေ့ကျမှ ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါ တယ်။
"ကျနော်ကိုယ်တိုင် အဆိုရှင်အနေနဲ့ တင်ထားတဲ့ ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေး ဥပဒေကြမ်းပေါ့။ ဒါပေမဲ့ ပြည်ထဲရေး ဝန်ကြီးဌာန အဆိုရှင်ဘက်က အဆင်သင့် မဖြစ်သေးတဲ့ အတွက် တနင်္လာနေ့ကို ရွှေ့ပါတယ်။"
မနက်ဖြန် မနက်ပိုင်းမှာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် Mr. Derek Mitchell နဲ့ လွှတ်တော် အမတ်တွေ တွေ့ဆုံကြဖို့ ရှိတယ်လို့လည်း သိရပါတယ်။