နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဖွဲ့စည်းဖို့ လွှတ်တော်အတည်ပြု
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အဆိုပြုထားတာကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ကန့်ကွက်သူ မရှိတဲ့အတွက် အတည်ပြုလိုက်ပါတယ်။
-
2016-05-10 -
-
-
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အဆိုပြုထားတာကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံရုံးအမည်နဲ့ ဝန်ကြီးဌာနအသစ် ထပ်မံဖွဲ့စည်းဖို့ နိုင်ငံတော် သမ္မတက သဝဏ်လွှာပေးပို့ထားရာ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်ဆွေးနွေးသူ မရှိတဲ့အတွက် အတည်ပြုကြောင်း လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂ဝ၂ ပုဒ်မခွဲ (က) နဲ့အညီ နိုင်ငံတော်သမ္မတထံမှ သဝဏ်လွှာပေးပို့ထား တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းရန်ကိစ္စကို လွှတ်တော်က သဘောမတူတဲ့သူ မရှိတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းရန်ကိစ္စကို လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်"
အသစ်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအမည်ကို တရားဝင်ကြေညာတာ မရှိသေးပေမယ့် ငြိမ်းချမ်းရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးမှူးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်းကို ခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အစိုးရသစ်လက်ထက်မှာ အမျိုးသားရင်ကြားစေ့ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး ၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကဏ္ဍတွေ အကောင်အထည်ဖော်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကို ဖွဲ့စည်းတာဖြစ်ကြောင်း သမ္မတ ဦးထင်ကျော်ပေးပု့ိတဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။
သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန စုစုပေါင်း ၂၂ ခုရှိလာပြီဖြစ်ပါတယ်။