တပ်မတော်ပါဝင်ခွင့် လျှော့ချရေး NLD ကြိုးပမ်းချက် လွှတ်တော်မှာရှုံးနိမ့်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ "နိုင်ငံရေးမှာ တပ်မတော်ရဲ့ပါဝင်ခွင့်အခန်းကဏ္ဍ" ကို လျှော့ချနိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ ၄၅ ဦးကော်မတီက အဆိုပြုထားတဲ့ပုဒ်မတွေကို ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ မတ်လ ၁၀ ရက်နေ့ စတင်မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်သွားပြီး မူလအတိုင်းသာထားဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
-
သက်စုအောင်
2020-03-10 -
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က NLD ဦးဆောင်ကြိုးစားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးထဲက “နိုင်ငံရေးဦးဆောင်မှုမှာ တပ်မတော်ပါဝင်တာကို လျှော့ချတဲ့ပြင်ဆင်ချက်" အပါအဝင်၊ အရေးကြီးတဲ့ပုဒ်မ ၁၂ ခုကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့စတင် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ (၇၅) ရာခိုင်နှုန်းကျော်မရတဲ့ အတွက် ရှုံးနိမ့်သွားပါတယ်။
လွှတ်တော်မှာ ဆန္ဒမဲပေးခွင့်ရှိတဲ့သူ ၆၅၄ ဦး ရှိတဲ့အထဲက ကိုယ်စားလှယ် ၆၃၃ ဦးသာ ဒီနေ့ အစည်းအဝေးမှာ တက်ရောက်မဲပေးခဲ့ကြပြီး ကိုယ်စားလှယ် ၂၁ ဦးက ခွင့်တိုင်ကြားခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ မှာ ပြဌာန်းထားတဲ့အတိုင်းဆိုရင် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်၊ စုစုပေါင်း ၄၉၁ မဲ ရမှာသာ ပြင်ဆင်နိုင်မှာပါ။
နိုင်ငံရေးမှာ တပ်မတော်အခန်းကဏ္ဍ လျှော့ချနိုင်ရေး NLD ပါတီက ပြင်ဆင်ထားတဲ့ ပုဒ်မတွေကို တိုင်းရင်းသားပါတီတွေက ထောက်ခံကြတဲ့အတွက် မဲအရေအတွက် လေးရာကျော် ရရှိခဲ့ပေမယ့် ပြင်ဆင်နိုင်တဲ့ ထောက်ခံမဲအရေအတွက် ၄၉၁ မဲအထိ မရတဲ့အတွက် မူလအတိုင်းဆက်ထားဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဒီနေ့ရလဒ်က ပြည်သူတွေမျှော်လင့်သလို ဖြစ်မလာတဲ့အတွက် ဆန္ဒတွေပြည့်မသွားဘူးလို့ NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
"နိုင်ငံတော် ပြုပြင်ပြောင်းလဲချင်တဲ့ အတွက်ကြောင့် ပြည်သူလူထုအားလုံးကလည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ မျှော်လင့်တာပဲလေ။ ဒီနေ့ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဒါကို စောင့်ကြည့်နေတယ်ဆိုတော့... ပြောမယ်ဆိုရင် ပြည်သူလူထုရဲ့ ဆန္ဒမပြည့်ဝဘူးလို့ပဲ ပြောရမှာပေါ့။ ပြည်သူလူထု သဘောထားအတိုင်း၊ ပြည်သူ လိုချင်တောင့်တတဲ့အတိုင်း မဖြစ်လာဘူးလို့ ပြောနိုင်ပါတယ်"
မဲခွဲတဲ့အထဲမှာ ပုဒ်မ နှစ်ခုသာ ပြင်ဆင်ဖို့ ထောက်ခံမဲ ရခဲ့ပါတယ်။ အဲဒီနှစ်ခုကတော့ အခြေခံဥပဒေပုဒ်မ ၃၂ (က) နဲ့ ပုဒ်မ ၃၂ (ခ) မှာ ရေးထားတဲ့ "အိုမင်းမစွမ်း" ဆိုတဲ့ စကားရပ်ကို "သက်ကြီးရွယ်အို" ဆိုတဲ့စကားရပ်နဲ့ အစားထိုးဖို့၊ "မသန်မစွမ်း"လို့ ရေးထားတဲ့စကားရပ် တွေကို "မသန်စွမ်း"လို့ ပြင်ဆင်ဖို့ဆိုတဲ့ ပုဒ်မနှစ်ခုပဲ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရခဲ့ပါတယ်။
အဲဒီ ပုဒ်မ ၂ ခုပြင်ဆင်နိုင်တာကလည်း တပ်မတော်ရဲ့ ထောက်ခံချက်မဲတွေကြောင့် ဖြစ်တဲ့အတွက်၊ နောက်ပိုင်း ပုဒ်မတွေကိုတော့ ပြင်ဆင်နိုင်ဖို့ ခက်ခဲနိုင်တယ်လို့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်က ပြောပါတယ်။
"မသန်မစွမ်းကနေ မသန်စွမ်း ပြင်ဆင်နိုင်တဲ့အနေအထား တွေ့ရတယ်။ ဒါလည်းပဲ နိုင်ငံတကာ သဘောတူညီချက်တွေနဲ့ သက်ဆိုင်တဲ့ပုဒ်မ ဖြစ်နေတဲ့အတွက်ကြောင့် သဘောတူတယ်လို့ ယူဆပါတယ်။ တခြားပုဒ်မတွေကတော့ ပြောရတာခက်ပါတယ်။ ဒီနေ့ကြည့်လိုက်ရင် သိပ်ပြီးတော့ ၇၅ ရာခိုင်နှုန်းကျော်ရဖို့ ခက်ခဲမယ်လို့ ထင်ပါတယ်"
ဒီနေ့မဲခွဲဆုံးဖြတ်ခဲ့တဲ့ ပုဒ်မ ၊ ပုဒ်မခွဲ ၁၄ ခုမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲအဖြစ် သတ်မှတ်တာကို ပယ်ဖျက်ဖို့ ပြင်ဆင်ချက်နဲ့၊ တပ်မတော်အခန်းကဏ္ဍကို လျှော့ချဖို့ပြင်ဆင်တဲ့ ပုဒ်မတွေ အများစု ပါဝင်ပါတယ်။
ဒီနေ့မဲရလဒ်အပေါ် တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေရဲ့ သဘောထားကို RFA က မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုမယ့်သူ တယောက်မှ မရှိပါဘူး။
NLD ဦးဆောင်တဲ့ ၄၅ ဦးကော်မတီကတော့ တပ်မတော်သားကိုယ်စားလှယ် နှစ်ဆယ့်ငါးရာခိုင်နှုန်း လွှတ်တော်ထဲ ပါဝင်နေတာကို လွှတ်တော်သက်တမ်းအလိုက် တစ်ဆင့်ချင်း လျှော့ချသွားဖို့ ၊ ပုဒ်မ ၂၀ (ဂ) မှာ ပြဌာန်းထားတဲ့ "တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်တယ်" ဆိုတာကိုပယ်ဖျက်ဖို့ အဆိုပြုထားတာဖြစ်ပါတယ်။
ဒါ့အပြင် ပုဒ်မ ၁၇ (ခ) မှာ ပြဌာန်းထားတဲ့ ကာကွယ်ရေး၊ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေ ၊ တိုင်းနဲ့ ပြည်နယ်အစိုးရထဲမှာပါမယ့် နယ်လုံဝန်ကြီးတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ခွင့်ရှိတာကိုလည်း ပယ်ဖျက်ဖို့ ၊ တိုင်းပြည်မှာ အရေးပေါ်အခြေအနေ ဖြစ်လာရင် တပ်မတော်က ဖွဲ့စည်းပုံပါ သတ်မှတ်ချက်တွေနဲ့အညီ နိုင်ငံတော်အာဏာကို ရယူသုံးစွဲခွင့်ရှိတယ်လို့ ပြဌာန်းထားတာကိုလည်း၊ "တပ်မတော်" ဆိုတဲ့ နေရာမှာ ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်အာဏာကို သမ္မတဦးဆောင်ပြီး တာဝန်ယူ ဆောင်ရွက်နိုင်မယ့် အစီအစဉ်တစ်ရပ်ကို အတည်ပြုရမယ်" ဆိုပြီး ပြင်ဆင်ဖို့ NLD က အဆိုပြုထားတာပါ။
မနက်ဖြန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ကနေ ဟန့်တားထားတဲ့ ပုဒ်မ ၅၉ (စ)ကို ပယ်ဖျက်ဖို့၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အရပ်သားအများစုနဲ့ ပြင်ဆင်ဖွဲ့စည်းဖို့ NLD ဘက်က အဆိုပြုချက်တွေ ပါဝင်တဲ့ ပုဒ်မတွေကို မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။