ထိုင်းအုပ်ချုပ်မှုစနစ် ဗဟိုချုပ်ကိုင်မှု နည်းပါးကြောင်း လေ့လာသူ ကိုယ်စားလှယ်များပြောဆို
ထိုင်းနိုင်ငံ ပါလီမန်လွှတ်တော်နဲ့ ဒေသန္တရ အုပ်ချုပ်ရေး ဆိုင်ရာတွေကို သွားရောက် လေ့လာခဲ့တဲ့ မြန်မာနိုင်ငံက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ အပါအဝင် လူထု အခြေပြု အဖွဲ့အစည်းက အဖွဲ့ဝင် ၂၂ ဦးဟာ ဒီကနေ့ ညနေပိုင်းက ချင်းမိုင်မြို့ကနေ ရန်ကုန်မြို့ကို လေယာဉ်နဲ့ ပြန်လည် ထွက်ခွာသွားကြပါတယ်။
-
2012-09-02 -
-
-
ထိုင်းနိုင်ငံမှာ နှစ်ပတ်ကြာ လေ့လာခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။
"ကျနော်တို့ တွေ့တဲ့ အတွေ့အကြုံအရကတော့ ဒီမှာ သူတို့ ထိုင်းနိုင်ငံရဲ့ အုပ်ချုပ်မှု စနစ်ရော ကျနော်တို့ ဒီမှာ သင်နေရတဲ့ ဒီ ကိုယ့်စ် [course] အရရော ပြောရရင်တော့ အောက်ခြေမှာပေါ့နော်။ မြို့နယ် အဆင့်ပဲဖြစ်ဖြစ် ခရိုင်အဆင့်ပဲ ဖြစ်ဖြစ် နေရာတိုင်းမှာ သူ့လုပ်ပိုင်ခွင့်အတွင်းမှာ သူ လုပ်လို့ရတဲ့ဟာကို ဗဟိုကို ပြန်ပြီးတော့ တင်ပြနေစရာ မလိုဘူး။ လွတ်လွတ်လပ်လပ် ကိုယ့်ရဲ့နယ်မြေအတွင်း ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်အတွင်းမှာ လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်ဆိုတဲ့ ပညာပေါ့နော်။ အဲ့ဒီဟာကိုတော့ အဓိက အတွေ့အကြုံရတာပေါ့။"
မြန်မာနိုင်ငံမှာတော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံအုပ်ချူပ်ပုံ စည်းမျဉ်းအရ ပြည်နယ်နဲ့တိုင်းအဆင့်တွေမှာ အုပ်ချုပ်ပိုင်ခွင့် လုပ်ပိုင်ခွင့်တွေပေးထားပေမယ့် တကယ်တန်း လက်တွေ့မှာ ထိုင်းနိုင်ငံမှာလို လုပ်ပိုင်ခွင့်တွေ မရရှိဘဲ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
"ဗမာပြည်မှာတော့ ပြောရရင်တော့ အခုအချိန်ထိပေါ့နော်။ ဗဟိုက ချူပ်ကိုင်မှု တအားများတယ်။ မြို့နယ်ပဲဖြစ်ဖြစ် ခရိုင်ပဲ ဖြစ်ဖြစ် ပြည်နယ်ပဲ ဖြစ်ဖြစ် လုပ်ပိုင်ခွင့် တခုခု ဆိုရင်တော့ ဗဟိုကို တင်ပြရတာများတယ်လေ။ အဲ့တော့ အခု အခြေခံ ဥပဒေအရလည်း အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ စနစ်အရတော့ ပြည်နယ်မှာ တိုင်းတွေမှာလည်း ပြည်နယ်အစိုးရ တိုင်းအစိုးရ ရှိပေမယ့်လည်း ဗဟိုချုပ်ကိုင်မှုကို ဖြေလျှော့တဲ့ အပိုင်းကတော့ သိပ်ကြီးတော့ ပီပီပြင်ပြင် မဖြစ်သေးဘူးပေါ့နော်၊ "
ဒီလေ့လာရေးခရီးစဉ်ကနေ ရရှိလာတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနဲ့အညီ ပြည်နယ်တွေမှာ တကယ် လုပ်ပိုင်ခွင့်တွေ ရရှိအောင် လွှတ်တော်ထဲကနေ တဆင့် အဆိုတွေ တင်သွင်းသွားပြီး ဥပဒေ ပြဌာန်းသင့်တာတွေကိုလည်း ပြဌာန်းနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဦးအောင်နိုင်ဦး က ပြောသွားပါတယ်။