ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေ ငှားရမ်းမှု လွှတ်တော်မှာ ဆွေးနွေး

ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနဲ့ ပြည်လမ်းထောင့် မှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေနေ ရာကို ပုဂ္ဂလိကဆေးရုံ တည်ဆောက်ခွင့် အတွက် ဌားရမ်းခဲ့တာကို ရပ်ဆိုင်းပေးဖို့တင်သွင်းတဲ့ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပစဉ် .

ဗိုလ်ချုပ်လမ်းနဲ့ ပြည်လမ်းထောင့်မှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေနေရာကို ပုဂ္ဂလိကဆေးရုံ တည်ဆောက်ခွင့် အတွက် ဌားရမ်းခဲ့တာကို ရပ်ဆိုင်းပေးဖို့တင်သွင်းတဲ့ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေ ၄ဧကလောက်ကို ပွင့်လင်းမြင်သာမှုမရှိဘဲ ပုဂ္ဂလိကကုမ္ပဏီကို ဌားရမ်းထားတဲ့ အတွက် ရပ်ဆိုင်းပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်းက လွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။

"ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေ ၄.၃ ဧကသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အနာဂတ် တိုးချုဲ့လုပ်ငန်းများ အတွက် မလွဲမသွေအသုံးပြုရမည့် မြေနေရာဖြစ်ပါလျှက် ပုဂ္ဂလိကဆေးရုံတည်ဆောက်ရန် ခွင့်ပြုငှားရမ်းခြင်းနဲ့ ၎င်းငှားရမ်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုခဲ့သော ပြည်ထောင်စုအစိုးရနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် တို့ရဲ့ ဆောင်ရွက်ချက်များဟာ ပွင့်လင်းမြင်သာမှုအားနည်းခြင်း ကျိုးကြောင်းဆီလျော်မှုမရှိတဲ့အပြင် အများပြည်သူ တို့ရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ခြင်းမရှိတဲ့အတွက် ရပ်ဆိုင်းသင့်ပါကြောင်း ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်ဥက္ကဌကြီးမှတဆင့် ပြည်သူ့လွှတ်တော်သို့ တင်သွင်းအပ်ပါတယ်"

မြေနေရာဆိုတာ အစားထိုးလို့မရသလို ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို နှစ်ရှည်ငှားရမ်းမှုမျိုးဟာ မဖြစ်သင့်ကြောင်း ဒေါက်တာ စံရွှေဝင်းရဲ့ အဆိုကို တောင်ကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေ က ထောက်ခံဆွေးနွေးခဲ့ပါတယ်။

"ဒီမြေနေရာကို ပုဂ္ဂလိက ပြင်တွင်းပြင်ပလုပ်ငန်းရှင်များသို့ အနည်းဆုံးနှစ် ၅ဝ မှ နှစ် ၇ဝ အထိ ငှားရမ်းပေး လိုက်မယ်ဆိုပါက မြန်မာပြည်သူများရဲ့ ပျဉ်းမျှသက်တမ်း ၂ဝ၁၄ ခုနှစ်စစ်တမ်းအရ ၆၄၊ ၆၈ နှစ်ရှိပါတယ်၊ အခု ၂ဝ၁၆ စစ်တမ်းအရကတော့ ၆၆ နှစ်၊ ၆၉ နှစ်ရှိပါတယ်၊ အဲ့တော့ မြန်မာပြည်သူတွေရဲ့ သက်တမ်းထက်တောင်မှ ပိုမိုရှည်လျားနေတဲ့ ငှားရမ်းမှုကြီးဖြစ်ပါတယ်၊ ဒီသက်တမ်းတစ်ခုစာအထိ လွှဲအပ်ပေးလိုက်မယ့် အခြေအနေမျိုး ကို ဆောင်ရွက်ဖို့ဆိုတာ အသာထားလိုက်ပါဦး၊ စိတ်ကူးစဉ်းစားဖို့ပင် မသင့်လျော်ဘူးလို့ ခိုင်ခိုင်မာမာယုံကြည်တဲ့ အတွက် ဒီအဆိုကို လွှတ်တော်မှ ထောက်ခံဆွေးနွေးသင့်ပါကြောင်း ထောက်ခံအပ်ပါတယ်"

အဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပြီး ကိုယ်စားလှယ်တွေ အနေနဲ့ လာမယ့် မေလ ၆ ရက်နေ့ နောက်ဆုံးထား စာရင်းပေးရမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org