နိုင်ငံတကာအဖွဲ့အစည်းတွေကို ပြန်လည်တုံ့ပြန်ဖို့အဆို မှတ်တမ်းတင်ဖို့သာ ဆုံးဖြတ်

OIC/ EU နဲ့ UNHCR တို့ဟာ မြန်မာ့ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျပ်အတည်း ဆိုက်အောင် လုပ်ဆောင်နေတဲ့အတွက် အစိုးရက ထိထိရောက်ရောက် ပြန်လည်တုံ့ပြန်ဖို့ တောင်းဆိုတဲ့အဆိုကို မှတ်တမ်းအဖြစ်သာထားဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပစဉ် Photo: Myanmar Union Parliament - facebook
OIC၊ EU နဲ့ UNHCR တို့ဟာ မြန်မာ့ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျပ်အတည်းဆိုက်အောင် လုပ်ဆောင်နေတဲ့အတွက် အစိုးရက ထိထိရောက်ရောက် ပြန်လည်တုံ့ပြန်ရေး တောင်းဆိုတဲ့ ဒုသမ္မတဟောင်း ဦးဉာဏ်ထွန်းရဲ့ အဆိုကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းအဖြစ်သာထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂလီအရေးအခင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို OIC EU နဲ့ UNHCR တို့ဟာ အုပ်စုဖွဲ့ပြီး အစိုးရကိုတိုက်ခိုက်နေတာတွေကို ပြန်လည်တုံ့ပြန်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်က ဒုတိယသမ္မတ တဦးဖြစ်ပြီး အခု ဇီးကုန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ထွန်းက အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီအဆိုမှာ OIC EU နဲ့ UNHCR တို့ဟာ မြန်မာ့လူ့အခွင့်အရေး အခြေအနေတွေကို UN ကုလသမဂ္ဂ ညီလာခံတွေ မှာ အတည်ပြုလုပ်ဆောင်နေတာတွေကို တုံ့ပြန်ဖို့ နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

ဒီအဆိုနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ကုလသမဂ္ဂ အစည်းအဝေးတွေမှာ မြန်မာ့အရေးစွပ်စွဲပြောဆိုချက်တွေကို တစ်စိုက်မတ်မတ် ပြန်လည်ဖြေရှင်းပေး ခဲ့တာတွေရှိခဲ့ပြီး ကိုဖီအာနန်လို နိုင်ငံတကာကပညာရှင်တချို့ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တွေကလည်း စဉ်ဆက်မပြတ်လုပ်ဆောင်နေတာတွေရှိခဲ့တယ်လို့လည်း လွှတ်တော်မှာ ပြန်လည်ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်အရေးအပါအဝင် မြန်မာနိုင်ငံရဲ့ အခက်အခဲစိန်ခေါ်မှုတွေကို အစိုးရကလက်တွေ့ကျကျ ဖြေရှင်းဆောင်ရွက်နေသလို အဆိုရှင်ရဲ့တိုက်တွန်းချက်တွေက နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာတွေ မဖြစ်စေလိုတာကြောင့် အဲဒီအဆိုကို လွှတ်တော်က မှတ်တမ်းတင်သင့်ပါတယ်လို့ ဆိုပြီး ဦးကျော်တင်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org