နိုင်ငံတော်သမ္မတ လစာငွေသတ်မှတ်ရေး လွှတ်တော်မှာဆွေးနွေး

နိုင်ငံတော်သမ္မတလစာကို လွှတ်တော်က သတ်မှတ်ပြီး ဥပေဒအဖြစ်ပြဌာန်းဖို့ ဒီနေ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးရာမှာ အဆင်မပြေ ဘဲ ရွှေ့ဆိုင်းလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူလူထုကို လစဉ်ရေဒီယိုမိန့်ခွန်း ပြောကြားနေစဉ် photo: Myanmar President Office Website

နိုင်ငံတော်သမ္မတလစာကို လွှတ်တော်ကသတ်မှတ်ပြီး ဥပေဒအဖြစ်ပြဌာန်းဖို့ ဒီနေ့ အမျိုးသားလွှတ်တော် မှာ ဆွေးနွေးရာမှာ အဆင်မပြေဘဲ ရွှေ့ဆိုင်းလိုက် ပါတယ်။

ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေရဲ့ လစာငွေအပါအဝင် တခြားအသုံးစားရိတ်တွေနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းကိုဆွေးနွေးစဉ်  ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းက နိုင်ငံတော်သမ္မတရဲ့လစာကို ဥပေဒကြမ်းထဲမှာ ကျပ် ၁၅ သိန်းလို့သတ်မှတ်ထားတာ နည်းနေတဲ့အတွက် ကျပ်သိန်း ၃၀ ဒါမှမဟုတ် ကျပ်သိန်း ၄၀ သတ်မှတ်ပေးဖို့ အကြံပြုဆွေးနွေးတင်ပြခဲ့ပါတယ်။

အဲဒီလို ကျပ် ၁၅ သိန်းသတ်မှတ်တာဟာ သမ္မတဘက်က တင်ပြတာကြောင့်ဖြစ်ကြောင်း သမ္မတအနေနဲ့ ဖြစ်သင့်တဲ့ပမာဏကို လွှတ်တော်မှာတင်ပြပြီး  ဥပဒေနဲ့အညီဖြစ်အောင် ပြင်ဆင်ပြောင်းလဲရမယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီနေ့ အမျိုးသားလွှတ်တော်မှာ ပြောပါတယ်။

“၁၅ သိန်းပဲယူမယ်၊ ၁၅ သိန်း ဥပဒေက ပြဌာန်းပြီးပြီ၊ သို့သော်လည်း ဒီမှာ သိန်း ၃ဝ၊ သိန်း ၄ဝ စဉ်းစားမယ့်အစား သိန်း ၅ဝ ပဲထားမယ်ဆိုရင်လည်းရတယ်၊ သို့သော်ယူရမယ်၊ ဥပဒေမှာရှိပြီးတော့မှ မယူဘူးဆိုတာ ဥပဒေကို မလိုက်နာတဲ့သဘောဖြစ်တယ်၊ ဥပဒေပြဌာန်းပြီးပြီဆိုရင်တော့ တိုက်တွန်းစရာမလိုတော့ဘူး၊ ဥပဒေပြဌာန်းပြီးရင် လိုက်နာရမယ်၊ မလိုက်နာလို့သာ အခုဒီလိုလုပ်ရတာ၊ သူက ၁၅ သိန်းပဲယူမယ်ဆိုလို့ ၁၅ သိန်း ပြဌာန်းတာ၊ သိန်း ၂ဝ၊ သိန်း ၃ဝ၊ သိန်း ၄ဝ ဆိုပြီးတော့ မယူဘူးဆိုရင် သမ္မတကိုယ်တိုင် ဥပဒေကိုဖောက်ဖျက်ရာရောက်မှာစိုးလို့သာ ဒီလိုလုပ်ပေးရတာ”

လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းက နိုင်ငံတော်သမ္မတနဲ့ ဆက်သွယ်မေးမြန်းချက်အရ သမ္မတလစာကို လွှတ်တော်က သင့်တော်သလိုသာ သတ်မှတ်ပေးဖို့ သမ္မတက သူ့ကို ညွှန်ကြားလိုက်တယ်လို့ လွှတ်တော်အစည်းအဝေးမှာ အခုလိုပြောပါတယ်။

“နိုင်ငံတော် သမ္မတကြီးနဲ့ ကျနော် တယ်လီဖုန်းနဲ့ ဆက်သွယ်လို့ရပါတယ်၊ နိုင်ငံတော်သမ္မကြီးက သိန်း ၅ဝ မယူပဲ လျော့ယူဖို့ မိန့်ကြားပါတယ်၊ သို့သော်လည်း ဘယ်လောက်ယူမယ်ဆိုတဲ့ ပမာဏကတော့ သင့်တော်သလို သတ်မှတ်ပေးဖို့ပြောပါတယ်”

လက်ရှိ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးနေတဲ့ ဥပဒေကြမ်းမှာ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေရဲ့ လစာငွေတွေကို လျှော့ချတာအပြင် လက်ရှိလစာအနည်းငယ်သာရရှိကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လစာငွေတွေကို တိုးမြှင့်သတ်မှတ်ထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org