ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို အယုံအကြည်မရှိကြောင်းအဆို ပယ်ချ

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တဲ့အဆိုကို NLD ကိုယ်စားလှယ်အများစုရှိတဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ဒီနေ့ ပယ်ချလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကို ၂၀၂၀ ဇွန် ၂၈ ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ တွေ့ရစဉ် Photo: Phyo Min Thein's FB

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်တွေက ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို အယုံအကြည်မရှိကြောင်း တင်သွင်းထားတဲ့အဆိုကို ဒီနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အရေးပေါ်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ပြီး ပယ်ချ လိုက်တာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို စွပ်စွဲပြစ်တင်တဲ့အပေါ်  စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိချက်တွေကို ဒီနေ့ ရန်ကုန်တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ တင်ပြခဲ့ပြီး မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၂၅ မဲ၊ ကန့်ကွက်မဲပေါင်း ၇၇ မဲနဲ့ လွှတ်တော်က ပယ်ချခဲ့တာပါ။

အဆိုကို မဲခွဲဆုံးဖြတ်ရင် ရှုံးနိုင်ပေမယ့် ဒီမိုကရေစီ သဘောသဘာဝအရ လွှတ်တော်ကနေ အစိုးရကို ထိန်းကြောင်း ဖို့အတွက် အဆိုတင်သွင်းခဲ့တာလို့ တိုင်းဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆို ဦးဆောင်တင်သွင်းခဲ့တဲ့ ကိုကိုး ကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ပြောပါတယ်။

"စွပ်စွဲပြစ်တင်တယ်ဆိုတာ ဝန်ကြီးချုပ်နဲ့ကျနော် ပုဂ္ဂိုလ်ရေးအငြိုးမရှိပါဘူး၊ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ကျနော်တို့က အစိုးရအဖွဲ့ကို ထိန်းကြောင်းခြင်းဖြစ်ပါတယ်၊ ဥပဒေပြုရေးအာဏာကနေ အုပ်ချုပ်ရေးအာဏာ ရဲ့ ဆောင်ရွက်ချက်တွေကို ဒီမိုကရေစီကျင့်စဉ်အတိုင်း ထိန်းကြောင်းတဲ့သဘောပါပဲ"

အဲဒီအဆိုကို ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီ ကိုကိုးကျွန်းလွှတ်တော်ကိုယ်စားလှယ် ယခင်ရန်ကုန်တိုင်း နယ်လုံဝန်ကြီးဟောင်းဖြစ်တဲ့ ဦးတင်းဝင်းက ဦးဆောင်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NLD ပါတီကိုယ်စားလှယ်ဟောင်းလည်းဖြစ် ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌ ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့က လက်မှတ်ရေးပြီး ဇွန်လ ၅ ရက်နေ့က ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဌ ထံပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေဥပဒေပုဒ်မ ၂၃၆ အရ လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက ထောက်ခံလက်မှတ်နဲ့ တင်ပြတာကြောင့် လွှတ်တော်ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ ဝန်ကြီးချုပ် တယောက်ထဲကိုပဲ စုံစမ်းမေးမြန်းရုံတင်မကဘဲ စွပ်စွဲပြစ်တင်သူရယ်၊ စွပ်စွဲပြစ်တင်တဲ့အထဲမှာပါတဲ့ ဌာနဆိုင်ရာတွေကိုပါ စစ်ဆေးမေးမြန်းတာတွေလုပ်သင့်ပြီး အခုဟာက စွပ်စွဲခံရသူ တယောက်ထဲကို မေးမြန်းပြီး လွှတ်တော်ဥက္ကဋ္ဌက ဖတ်ပြသွားတာဟာ မဖြစ်သင့်ဘူးလို့ ဦးတင်ဝင်းက ပြော ပါတယ်။

ဦးတင်ဝင်းတင်သွင်းတဲ့ စွပ်စွဲပြစ်တင်ချက်တွေထဲမှာ ရန်ကုန်မြို့သစ်စီမံကိန်းကိစ္စ၊ ကျောင်းကားကိစ္စနဲ့ ဗိုလ်တထောင်ကိစ္စတွေပဲပါဝင်ပြီး အားကောင်းတဲ့အချက်အလက်တွေမပါဝင်ဘဲ အချက်အလက်အားနည်းသွား တယ်လို့ ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

ဒီလိုစွပ်စွဲပြစ်တင်တဲ့အခါမှာ ဆွေးနွေးခွင့်မရဘဲ တခါတည်းဆုံးဖြတ်တာကြောင့် ဆွေးနွေးခွင့်မရလိုက်ဘူးလို့ ဦးကျော်ဇေယျက ပြောပါတယ်။

ဆွေးနွေးခွင့်ရမယ်ဆိုရင် ကျူးကျော်တွေအတွက်ထုတ်ယူတဲ့ ၆၄ ဘီလီယံကိစ္စ၊ ၂၀၁၇-၁၈ စာရင်းစစ်ချုပ် အစီရင်ခံစာနဲ့ မော်တော်ယာဉ်ထိန်းချုပ်ရေးစင်တာကိစ္စတွေ ဆွေးနွေးချင်တယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

"ခေါင်းစဉ်မှားသုံးတဲ့ ၆၄ ဘီလီယံ ကျူးကျော်များအတွက် အကောင်အထည်မပေါ်တဲ့ကိစ္စ ပါမလာဘူး၊ နောက်တချက်က စာရင်းစစ်ချုပ်အစီရင်ခံစာ နောက်ကျတယ်လေဗျာ၊ သူတို့ဘာကြောင့်ထိန်ချန်ထားတာလဲ၊ စာရင်းစစ်ချုပ်က အမြန်တင်ပြီး ကျနော်တို့နောက်ကျမှရတယ်၊ ရတော့လည်းအကျဉ်းချုံးပဲရတယ်၊ ၂၀၁၇-၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာကို ထောက်ပြချင်တာပေါ့၊  အဲအထဲမှာ အထူးပါနေတယ်၊ ကန့်သတ်တင်ဒါဖြစ်နေ တယ်၊ မီးစက်ကြီးဝယ်တာ ဘီလီယံ ၃၀ နဲ့ စာရင်းစစ်ချုက်က ထောက်ပြထားတယ်၊ နိုင်ငံတော်သမ္မတ ၂၀၁၇ ထုတ်ပြန်ထားတဲ့ တင်ဒါစည်းကမ်းနဲ့ မညီညွတ်ပါဘူးတဲ့ အဲအချက်ကိုထောက်ပြချင်တာ၊ နောက်တချက်က ဗဟိုမီးပွိုင်ထိန်းချုပ်ရေးစင်တာကြီး လုပ်ငန်းမပြီးဘဲနဲ့ စာချုပ်ပါအချက်နဲ့မညီဘဲ ငွေအကြေပေးချေလိုက်တာ ကြီးဟာ စည်းကမ်းချက်နဲ့မှမညီတာ ဥပဒေချိုးဖောက်တာပေါ့"

ရန်ကုန်တိုင်းလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး ပြည်ထောင်စု ကြံ့ခိုင်ဖွံဖြိုးရေးပါတီက သုံးဦး၊ ရခိုင်အမျိူးသားပါတီကတစ်ဦးနဲ့ NLD ပါတီကနေ ပြည်သူ့ရှေဆောင်ပါတီကို ပြောင်းသွားသူတစ်ဦးရှိပါတယ်။

လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံထောက်ခံမှသာ စွပ်စွဲပြစ်တင်တဲ့အဆိုဟာ အောင်မြင်မှာဖြစ်တာကြောင့် NLD ပါတီကိုယ်စားလှယ် အများစုရှိတဲ့ လွှတ်တော်မှာ ရှုံးနိမ်ခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကို RFA က မေးမြန်းဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့ မရပါဘူး။

NLD ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကတော့ အခုလို စွပ်စွဲပြစ်တင်တာဟာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ပုံရိပ်ကျအောင် လုပ်သာတာဖြစ်ပြီး NLD ပါတီကိုယ်စားလှယ်တွေအနေနဲ့ ပြဿနာ တစိတ်တပိုင်းနဲ့ တခုလုံးကို မဲပေးတဲ့နေရာမှာပြသွားတာလို့ သူ့အမြင်ကို ပြောပါတယ်။

"ဝန်ကြီးချုပ်အပေါ်မှာ ပုံရိပ်ပျက်အောင်လုပ်တဲ့သဘောလို့ ကျနော်ကမြင်ပါတယ်၊ ကျနော်တို့ဘယ်လောက်ပဲ ပြဿနာတွေရှိရှိ NLD လွှတ်တော်ကိုယ်စားလှယ်တွေက တစိတ်တပိုင်းပြဿနာကိုပဲ ကြည့်မလား၊ တခုလုံး ပြဿနာကိုပဲ ကြည့်မလားဆိုတာမှာတော့ ဒီနေရာမှာ စဉ်းစားတတ်ကြတယ်လို့ထင်ပါတယ်၊ ဒါကြောင်မို့ ခုလိုမဲပေးပြီး ဆုံးဖြတ်တဲ့ကိစ္စမှာ ဦးဖြိုးမင်းသိန်း အနိုင်ရတာက ပေါ်လွင်ပါတယ်"

လွှတ်တော်ရေးရာတွေကို စောင့်ကြည့်လေ့လာနေတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်း လည်းဖြစ် ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူလည်းဖြစ်တဲ့ ဒေါ်ညိုညိုသင်းက 

“စွပ်စွဲတဲ့သူတွေက တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဖြစ်တဲ့အတွက်ကြောင့် NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ရင်နာနာနဲ့ ပယ်ချလိုက်တယ်လို့ တွက်တယ်ပေါ့နော်။ ဝန်ကြီးချုပ်ကို ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လေးနှစ်သက်တမ်းကာလအတွင်းမှာ ထိန်းကျောင်းနိုင်မှု မရှိတဲ့ အစိုးရအနေနဲ့ မကြာခဏ မီဒီယာတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောခဲ့တယ်။ တကယ့် လက်တွေ့မှာတော့ အမှန်တရားအတိုင်း မဆုံးဖြတ်လိုက်နိုင်ဘူးဆိုတာ ဒီနေ့ လက်တွေ့ တွေ့ရတယ်။ ဒါကြောင့် ပါတီတစ်ခုထဲက လွှတ်တော်မှာရော၊ အစိုးရမှာရော နေရာရသွားလို့ရှိရင် အစိုးရတွေကို လွှတ်တော် တွေက ထိန်းကျောင်းနိုင်တဲ့ အင်အားနည်းသွားတယ်ဆိုတာဟာ သင်ခန်းစာ ကြီးကြီးရတယ်ပေါ့နော်။” လို့ ပြောပါတယ်

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ YBS ကိစ္စ၊  ကျောင်းကားကိစ္စ၊ ညဈေးကိစ္စတွေအပါအဝင် စာရင်းစစ်ချုပ် အစီရင်ခံစာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေမပေးတာ၊ အစိုးရအဖွဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေကြားမှာလည်း ဝေဖန်ခံရသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း ပြည်သူ့လွှတ်တော်မှာ  ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး တပ်မတော်သားကိုယ်စားလှယ်တွေထောက်ခံမှုနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်ကနေ ရုပ်သိမ်းဖို့ ကြိုးပမ်းတာတွေရှိခဲ့ပေမယ့် လွှတ်တော်မှာအများစုနေရာရထားတဲ့ NLD ပါတီ ကိုယ်စားလှယ်တွေက ကန့်ကွက်တာကြောင့် ရှုံးနိမ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org