လဝကဌာနကို ပြည် ထဲရေးအောက်ပြောင်းရွှေ့ရေး ကိစ္စ လွှတ်တော်ဆိုင်းငံ့

လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ထံ ပြောင်းရွှေ့ရေးကိစ္စကို ဆိုင်းငံ့ထားဖို့နဲ့ လာမယ့်အစိုးရသစ်လက်ထက်ကျမှ ဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်

လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ထံ ပြောင်းရွှေ့ရေး ကိစ္စကို ဆိုင်းငံ့ထားဖို့နဲ့ လာမယ့်အစိုးရသစ်လက်ထက်ကျမှ ဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

လွှတ်တော်သက်တမ်း ကုန်ဆုံးမယ့်ရက် နီးကပ်နေတဲ့အတွက် နောက်အစိုးရသစ်ရဲ့ သဘောထားနဲ့ သာ ဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်မှာ ကြေညာလိုက်ပါတယ်။

"ပြည်ထောင်စုအစိုးရအဖွဲ့ အသစ်အနေဖြင့် နိုင်ငံတော်၏အုပ်ချုပ်မှုအာဏာကို လွှဲပြောင်းလက်ခံရယူပြီး သည့် အချိန်အခါအတွင်းမှသာ အစိုးရသစ်၏သဘောထားနဲ့အညီ ဆောင်ရွင်သင့်ပါကြောင်း တင်ပြထား ပါသည်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင်အားလုံးကလည်း လက်ရှိအခြေအနေနဲ့ အချိန်အခါ တွင် ဆောင်ရွက်ရန်မသင့်ကြောင်း တညီတညွတ်တည်း သဘောထားကို အစီရင်ခံစာ တင်ပြလာပါတယ်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ သဘောထားတင်ပြချက်အား မှန်ကန်သင့်မြတ်တယ်လို့ ယူဆပါတယ်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ သဘောထားမှတ်ချက်ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင် ဖွဲ့စည်းရေးနဲ့ စပ်လျဉ်းပြီး လက်ရှိအခြေအနေ အချိန်အခါနဲ့ဆောင်ရွက်ရန် မသင့်ကြောင်းကို လွှတ်တော်က အတည်ပြုကြောင်းကြေညာပါတယ်"

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က နိုင်ငံတော်သမ္မတက လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ထံ ဦးစီးဌာနတစ်ခုအနေနဲ့ ထည့်သွင်းဖို့ သဝဏ်လွှာပေးပို့ထား တာဖြစ်ပါတယ်။

နယ်စပ်ဒေသလုံခြုံရေးနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုနဲ့ ပူးပေါင်း ကာကွယ်နိုင်ဖို့၊ ပြည်ထောင်စုဝန်ကြီးဌာနတွေကို ပိုမိုကျစ်လျစ်အောင် ဖွဲ့စည်းနိုင်ဖို့နဲ့ နိုင်ငံတော်ဘဏ္ဍာငွေကုန်ကျမှု ကို လျှော့ချနိုင်ဖို့အတွက် ဦးစီးဌာနတစ်ခုအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ထံ ပြောင်းရွှေ့စေ လိုကြောင်း နိုင်ငံတော်သမ္မတ သဝဏ်လွှာမှာ ပါရှိပါတယ်။

အရင်က လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနဟာ ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီးဌာနတွေရဲ့ ကွပ်ကဲမှုအောက်မှာထားရှိခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်က ဝန်ကြီးဌာနတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်လုံခြုံရေးဝန်ကြီးဌာနတွေဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ကိုင်တွယ်တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org