ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီနဲ့ ပြင်ဆင်တဲ့မူကြမ်းတွေ တင်လာမယ့် ပြည်ထောင်စုလွှတ်တော်

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်တဲ့ ကော်မတီဖွဲ့စည်းရေးကို မနက်ဖြန် ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်မယ်လို့ လွှတ်တော်အစီအစဉ် လျာထားချက်အရ သိရပါတယ်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပစဉ် Photo: Myanmar Union Parliament - facebook

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်တဲ့ ကော်မတီဖွဲ့စည်းရေးကို မနက်ဖြန် ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်မယ်လို့ လွှတ်တော်အစီအစဉ် လျာထားချက်အရ သိရပါတယ်။

လွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန် ဥက္ကဋ္ဌ တာဝန်ယူပြီး အဖွဲ့ဝင် စုစုပေါင်း ၄၅ ဦးပါမယ့် အဲဒီကော်မတီမှာ ကိုယ်စားလှယ် ၃၈၅ ဦးရှိတဲ့ အင်န်အယ်လ်ဒီပါတီက ၁၉ ဦး၊ ၁၆၆ ဦးရှိတဲ့ တပ်မတော်က ၈ ဦး၊ ၄၁ ဦးရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၂ ဦး၊ လူဦးရေ ၂၀ ကျော်ရှိတဲ့ ရခိုင်အမျိုးသားပါတီက ၁ဦး၊ ၁၇ ဦးရှိတဲ့ ကျားခေါင်းပါတီက ၁ ဦး၊ ကျန် တသီးပုဂ္ဂလ ကိုယ်စားပြု တစ်ဦး ပါဝင်ပါတယ်။

ဒါပေမဲ့ အဲဒီကော်မတီမှာ တပ်မတော်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ရခိုင်အမျိုးသားပါတီတို့က လွှတ်တော်ကိုယ်စားလှယ် နာမည်စာရင်း ပေးမထားတာကို တွေ့ရပါတယ်။

အဲဒီကော်မတီ အတည်ဖြစ်ရေးကို မနက်ဖြန် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒီကနေ့မနက် လွှတ်တော် မစတင်မှီမှာတော့ တပ်မတော်သား ကိုယ်စားလှယ်အချို့နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်အချို့ဟာ လွှတ်တော်နာယက ကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

နာယက ဦးတီခွန်မြတ်ဟာ အဘက်ဘက်က စဉ်းစားပြီး အဆိုတစ်ခုကို အကောင်အထည်ဖော်တာလို့ ပြောပေမယ့် မနက်ဖြန် လွှတ်တော်အစီအစဉ်ကို ပြင်မယ်၊ မပြင်ဘူးဆိုတာ ပြောမသွားဘူးလို့ နာယကနဲ့ သွားရောက်ဆွေးနွေးခဲ့သူ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးသောင်းအေးက ပြောပါတယ်။

မနက်ဖြန် လွှတ်တော်အစည်းအဝေးမှာ ကော်မတီဖွဲ့စည်းရေးအပြင် ကိုယ်စားလှယ် ၁၄၃ ဦး လက်မှတ်ရေးထိုးတင်ပြထားတဲ့ ဖဲ့ွစည်းပုံ အခြေခံဥပဒေပြင်ဆင်တဲ့မူကြမ်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကို အသိပေးမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

 

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org