မြန်မာနိုင်ငံဆိုင်ရာ ကုလ အချိန်ပြည့် ကိုယ်စားလှယ် ခန့်မယ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အနေနဲ့ မြန်မာ အစိုးရရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို အားပေး ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံ ဆိုင်ရာ အချိန်ပြည့် အထူး ကိုယ်စားလှယ် တစ်ဦးကို မကြာခင် ခန့်အပ်တော့မယ်လို့ နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်က မနေ့က သတင်း ထုတ်ပြန် ပါတယ်။

မြန်မာနိုင်ငံဟာ နှစ်ပေါင်း များစွာ ကြုံတွေ့နေခဲ့ရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြပ်အတည်းတွေကို ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပေမယ့် သမ္မတ ဦးသိန်းစိန် အနေနဲ့ ပြုပြင် ပြောင်းလဲရေးတွေ ကျယ်ကျယ် ပြန့်ပြန် ပြုလုပ်ဖို့ အပါအဝင် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အားမြှင့် ဆောင်ရွက်သွားမယ်လို့ ကတိပြု ပြောဆို ထားတဲ့ အပေါ်မှာတော့ ကြိုဆိုရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် မာတင် နက်ဆာကီးက သတင်းထောက်တွေကို ပြောပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ မစ္စတာ ဘန်ကီမွန်း အနေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အချိန်ပြည့် အထူး ကိုယ်စားလှယ် ခန့်အပ်တော့မယ့် ကိစ္စကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း မြန်မာ့ မိတ်ဆွေ နိုင်ငံတွေနဲ့ တွေ့ဆုံရာမှာ ပြောကြား ခဲ့တာ ဖြစ်တယ်လို့ မစ္စတာ ဘန်ကီမွန်းရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဆောင် အာချွိုင်း Soung-ah Choi က RFA ကို ပြောပါတယ်။

အခု မြန်မာ အစိုးရသစ်က ကုလသမဂ္ဂနဲ့ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ဖို့ ကတိပြုထား ပါတယ်။ ဒါနဲ့ ပတ်သက်လို့ မစ္စတာ ဘန်ကီမွန်းက မြန်မာ့ မိတ်ဆွေ နိုင်ငံများ အဖွဲ့နဲ့ ပြီးခဲ့တဲ့ သတင်းပတ်က တွေ့ဆုံရာမှာ အချိန်ပြည့် အထူး ကိုယ်စားလှယ် ခန့်အပ်တော့မယ် ဆိုတာ ပြောဆိုခဲ့တာ ဖြစ်ကြောင်း၊ ဘယ်တော့ နောက်ဆုံးထား ခန့်အပ်မယ်ဆိုတာ သတ်မှတ်ထားတာ မရှိသေးကြောင်း ပြောပါတယ်။

ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေ အတွက် ကူညီ ဆောင်ရွက် ပေးသွားမယ်လို့လည်း ကုလသမဂ္ဂ အကြီးအကဲ မစ္စတာ ဘန်ကီမွန်းက ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ပြောဆို ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org