ဦးပါမောက္ခအမှု ပလပ်ပေးဖို့ လျှောက်ထား တရားရုံး ပယ်ချ

မကွေးကျောင်းဆရာတော် ဦးပါမောက္ခကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဖို့ ဦးတိုက်လျှောက်ထားတာကို ပလပ်ပြီး အမှုကလွှတ်ပေးဖို့အတွက် ဆရာတော် ရဲ့ ရှေ့နေက တင်သွင်းတာကို ဒီကနေ့ ကမာရွတ်မြို့နယ် တရားရုံးက ပယ်ချလိုက်ပါတယ်။

ဦးပါမောက္ခ ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က ကမာရွတ်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့စဉ် Photo: Thant Zin Oo/RFA

မကွေးကျောင်းဆရာတော် ဦးပါမောက္ခကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဖို့ ဦးတိုက်လျှောက်ထားတာကို ပလပ်ပြီး အမှုကလွှတ်ပေးဖို့အတွက် ဆရာတော်ရဲ့ ရှေ့နေက တင်သွင်းတာကို ဒီကနေ့ ကမာရွတ်မြို့နယ် တရားရုံးက ပယ်ချလိုက်ပါတယ်။

ဆရာတော်ကို တရားစွဲဆိုဖို့ ဦးတိုက်လျှောက်ထားသူဖြစ်တဲ့ ကမာရွတ်မြို့နယ် ဒုတိယမြို့နယ်မှူး သန်းထွန်းအောင် က လျှောက်လွှာမှာပါရှိတဲ့ လက်မှတ်ဟာ သူ့လက်မှတ် မဟုတ်ကြောင်း တရားရုံးမှာ မငြင်းတဲ့အတွက် ဆရာတော် ဘက်က အမှုပလပ်ပေးဖို့ လျှောက်ထားတာကို တရားရုံးက ပယ်ချလိုက်တာဖြစ်တယ်လို့ ဆရာတော်ရဲ့ မိသားစု ဝင်ဖြစ်တဲ့ ဦးအောင်မြိုင်(မစိုးရိမ်) က ပြောပါတယ်။

"ဦးတိုက်လျှောက်ထားလွှာမှာပါတဲ့လက်မှတ်က တရားလို ဦးသန်းထွန်းအောင်ရဲ့ လက်မှတ်မဟုတ်ကြောင်း ဦးသန်းထွန်းအောင် ကိုယ်တိုင်ထွက်ဆိုထားသော်လည်း ဦးတိုက်လျှောက်ထားလွှာရဲ့ နောက်မှာပူးတွဲပါလာတဲ့ နောက်ဆက်တွဲ (က) ပေါ်ကလက်မှတ်ကို ဦးသန်းထွန်းအောင်က သူ့လက်မှတ်မဟုတ်ကြောင်း ငြင်းဆိုထားခြင်း မရှိတဲ့အတွက်ကြောင့် ရှေ့နေရဲ့ တင်ပြချက်ကို တရားရုံးတော်က လက်မခံ ပယ်ပါသည်ဆိုပြီးဆိုပြီးတော့ ၁ ချက်ပေါ့နော်၊ နော် တတိယ ၁ ချက်က တရားလိုကတင်ပြထားတဲ့ သက်သေ ၆ ဦးရှိတယ်၊ အဲဒီ ၆ ဦးကို မစစ်ဆေးရသေးတဲ့အတွက် သက်သေ ၆ ဦးကို စစ်ဆေးဖို့ ကျန်နေသေးခြင်းကြောင့် ယခု လျှောက်လဲချက်ပါအား အမှုကိုပလပ်ပြီးတော့ ဆရာတော်ကို ပြန်လွှတ်ပေးပါဆိုတဲ့ လျှောက်လဲချက်ကို တရားရုံးတော်က လက်မခံ ပယ်ပါသည်ဆိုပြီးတော့ တတိယအချက်နဲ့ ဒါပယ်တာပေါ့ဗျာ"

ဆရာတော် ဦးပါမောက္ခဘက်ကလည်း ဦးသန်းထွန်းအောင် အပါအဝင် ၆ ဦးကို ပြန်လည်တရားစွဲဆို သွားမယ်လို့ ပြောပါတယ်။

ဆရာတော် ဦးပါမောက္ခဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်း သုံးစွဲမှုကို ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၉ တို့နဲ့ ကမာရွတ်မြို့နယ်ရဲစခန်းက တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

အဲဒီလို တရားစွဲဆိုခံထားရပေမယ့် ဆရာတော်က တရားရုံးကို ကြွရောက်ခဲ့ခြင်းမရှိသလို ရဲတပ်ဖွဲ့ကလည်း ဆရာတော်ကို သွားရောက် ဖမ်းဆီးတာမျိုး မရှိခဲ့ပါဘူး။

ဒါပေမဲ့ လယ်သမားတစ်ဦး မြေသိမ်းခံရတာနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့က မြောက်ဒဂုံမြို့နယ် ရဲစခန်းမှာ ဆန္ဒပြခွင့် လျှောက်ထားတာကို ကူညီပေးစဉ်မှာ ဆရာတော် ဦးပါမောက္ခကို ပုဒ်မနှစ်ခုနဲ့ ဖမ်းဆီးလူဝတ်လဲခဲ့တာ ဖြစ်ပါတယ်။

ဦးပါမောက္ခကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ ကမာရွတ်မြို့နယ် တရားရုံးမှာ ပြန်လည် ရုံးထုတ်စစ်ဆေးသွား မှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org