ရခိုင်ပြည်နယ်ထဲ အာကာသလွန်းပျံယာဉ် အစိတ်အပိုင်းတစ်ခု ပျက်ကျ

အာကာသလွန်းပျံယာဉ်ရဲ့ မလိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဟာ ရခိုင်ပြည်နယ်၊ မာန်အောင်နဲ့ သံတွဲမြို့နယ်အနီး ပင်လယ်ပြင်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့ ညပိုင်းမှာ ကျရောက်ခဲ့ပြီး နေအိမ်တွေ တုန်ခါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲ အာကာသလွန်းပျံယာဉ် အစိတ်အပိုင်းတစ်ခု ၂၀၂၀၊ ဒီဇင်ဘာ ၂၇ ရက်နေ့ ည ၁၀ နာရီခွဲခန့်က ကျရောက်ခဲ့စဉ် Photo- Aung Kaung Pyi Zaw

အာကာသလွန်းပျံယာဉ်ရဲ့ မလိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဟာ ရခိုင်ပြည်နယ်၊ မာန်အောင်နဲ့ သံတွဲမြို့နယ် အနီး ပင်လယ်ပြင်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့ ညပိုင်းမှာ ကျရောက်ခဲ့ပြီး နေအိမ်တွေ တုန်ခါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ည ၁၀ နာရီခွဲလောက်မှာ အဖြူရောင်မီးတန်းတစ်ခု မာန်အောင်မြို့ရဲ့ အရှေ့တောင်ဘက် ပင်လယ်ထဲကို ကျသွားတွေ့လိုက်ရပြီး တစ်ချိန်တည်းမှာ အရမ်းကျယ်လောင်တဲ့ အသံကြားလိုက်ရတယ်လို့ မာန်အောင် မြို့နယ် ရဲကျွန်းကျေးရွာဒေသခံ ဦးထွေးနိုင်က RFA ကို ပြောပါတယ်။

ပင်လယ်ပြင် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်တွေ ထိခိုက်မှုရှိတယ်ဆိုတဲ့ သတင်းတွေတော့ တက်လာတာ မရှိသေးဘူးလို့ သူကပြောပါတယ်။

သံတွဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်ကတော့ ည ၁၀ နာရီခွဲ လောက်က မိုးခြိမ်းသံလို အသံကျယ်ကြီးကြားရပြီး မြေကြီးတွေ တုန်ခါသွားတယ်လို့ အတည်ပြုပြောပါတယ်။

လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ သံတွဲလေဆိပ်တာဝန်ခံက သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူးထံ အာကာသယာဉ်ရဲ့ အစိတ်အပိုင်းတွေ ကျလာနိုင်ကြောင်း တင်ပြ အသိပေးထားပါတယ်။ ဒါကြောင့် ဒေသခံ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေတွေလည်း မနေ့က ပင်လယ်ပြင်ကို မထွက်ခဲ့ကြပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးကို RFA က ဖုန်းနဲ့ ဆက်သွယ်နေဆဲဖြစ်ပြီး တုံ့ပြန်ဖြေ ကြားတာတော့မရှိသေးပါဘူး။

တရုတ်နိုင်ငံ ဘေဂျင်းလေယာဉ်မှူး သတိပေးလွှာ ထုတ်ပြန်ရေးရုံးက မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးမှူးဌာနကို ပေးပို့တဲ့ ကြေးနန်းစာတစ်ခုမှာ ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၁၀ နာရီကနေ ၁၀ နာရီ ၃၄ မိနစ်အချိန်အတွင်း ယာဉ်အစိတ်အပိုင်းတွေ ကျရောက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီယာဉ်အစိတ်အပိုင်းဟာ မြန်မာနိုင်ငံ၊ မာန်အောင်လေဆိပ်ရဲ့ တောင်ဘက်ရေမိုင် (၄၅) မိုင်ခန့်၊ သံတွဲလေဆိပ်ရဲ့ အနောက်တောင်ဘက် ရေမိုင် (၃၃) ခန့် ၊ ပုသိမ်လေဆိပ်၏ အနောက်မြောက်ဘက် ရေမိုင် (၆၀) ခန့် မှာ ကျရောက်နိုင်တာကြောင့် ရေယာဉ်ကြီးငယ်တွေ ဖြတ်သန်းသွားလာတာ၊ ကျောက်ချရပ်နားတာ မလုပ်ဖို့ အဲဒီစာမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org