ရန်ကုန်နဲ့နယ် မြို့ကြီးတွေမှာ NDF အမတ်လောင်းတချို့ မဲအသာစီးရနေ

စစ်အစိုးရ ကျင်းပတဲ့ ဒီကနေ့ ရွေးကောက်ပွဲမှာ ညနေ ၇ နာရီကျော် အချိန်အထိ ရေတွက်တဲ့ စာရင်းတွေအရ ရန်ကုန်မြို့နဲ့ နယ်မြို့ကြီးတွေမှာ အမျိုးသား ဒီမိုကရေစီအင်အားစု NDF က အမတ်လောင်းတချို့ဟာ မဲအသာစီး ရနေတယ်လို့ RFA က သိရပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပဲခူးတိုင်းဒေသကြီး ပါတီ ရုံးခွဲဖွင့်ပွဲတွင် အောက်တိုဘာ ၇ ရက်နေ့က ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်မှာ NDF ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေဟာ မဲရေတွက်ပြီး မဲရုံ ၂၁ ရုံမှာ ၁၇ ရုံလုံး အနိုင်ရထားတဲ့အတွက် နိုင်ပြီလို့ ပြောလို့ရလောက်အောင် သေချာနေတယ်လို့ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

၈၈ မျိုးဆက် ဒီမိုကရေစီရေး လှုပ်ရှားခဲ့သူ လူငယ်တွေနဲ့ ဖွဲ့ထားတဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP က အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင် ဟာလည်း ပြိုင်ဘက် အဓိကပါတီတွေ ဖြစ်တဲ့ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ကိုယ်စားလှယ်လောင်းတွေထက် မဲ အသာစီးရနေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း ဘက်မှာတော့ NDF ပါတီက အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ် ၅ ဦး မဲအများစုနဲ့ အနိုင်ရထားတယ်လို့ သိရပါတယ်။

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အထွေထွေ အတွင်းရေးမှူးနဲ့ လက်ရှိ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးဌေးဦးဟာ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်ကနေ မဲအနိုင်ရပြီး ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းဟာ ပုလဲနယ်ကနေ အနိုင်ရထားတယ်လို့ သတင်းတချို့က ဆိုပါတယ်။

ဒါပေမယ့် RFA က စုံစမ်းမေးမြန်းနေစဉ် မဲရေတွက်နေဆဲ ဖြစ်ပြီး အတိအကျ စာရင်းရဖို့ ကြာနိုင်သလို တရားဝင် ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာချက်ကလည်း ရက်အနည်းငယ် ကြာနိုင်တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ ည ၈ နာရီအထိ မဲအနိုင်အရှုံး ရလာဒ်တွေနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအင်အားစု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေနဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီက ပြောခွင့်ရသူတဦးကို RFA ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။

UDP နဲ့ ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

NDF နဲ့ ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org