ဘုတ်ပြင်းမှာ ခရီးသည်တင်ကားပစ်ခတ်ခံရပြီး အရပ်သား နှစ်ဦးသေဆုံး

ဘုတ်ပြင်းမြို့နယ် ခဲချောင်းရွာအနီးမှာ ခရီးသည်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး အရပ်သား နှစ်ဦးသေဆုံးခဲ့ပါတယ်။

ဘုတ်ပြင်းမြို့နယ် ခဲချောင်းရွာအနီး ပစ်ခတ်ခံရသည့် ရွှေညီအစ်ကိုခရီးသည်တင်ယာဉ်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ခဲချောင်းရွာအနီးက ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဖေဖော်ဝါရီလ ၁၇ ရက် ညနေငါးနာရီဝန်းကျင်မှာ ခရီးသည်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး အရပ်သား နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက်ကိုးနှစ်အရွယ် ယောကျာ်းလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေညီအစ်ကိုခရီးသည်တင်ကားဟာ ကော့သောင်းဘက်က မြိတ်ဘက်ကိုလာတဲ့ ခရီးစဉ်အတွင်း အခုလို ပစ်ခတ်ခံရတာပါ။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဘက်ကပါ ငြင်းဆိုပါတယ်။

ခရီးသည်တင်ယာဉ် ပစ်ခတ်ခံရတာ မှန်ပေမယ့် သူတို့ပစ်ခတ်ခဲ့တာမရှိဘူးလို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အလားတူ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးယဉ်ထွေးကလည်း ခရီးသည်နှစ်ဦး သေဆုံးခဲ့တာမှန်ကန်တယ်လို့ အတည်ပြုပါတယ်။ ဒါပေမဲ့ ဒီပစ်ခတ်မှုကို စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တာမဟုတ်ဘူးလို့ သူက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ စစ်တပ်ကအာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်အထိ နိုင်ငံတစ်ဝန်း သတ်ဖြတ်ခံရသူ ၃၀၀၀ ဦးရှိလာပြီလို့ ထုတ်ပြန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org