ပုသိမ် လယ်သမားသမဂ္ဂဖွဲ့စည်းခွင့် တားမြစ်ခံရ

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ကြက်ပေါင်တိုက်နယ်က လယ်သမားတွေ စုပေါင်းပြီး လယ်သမားသမဂ္ဂ ဖွဲ့စည်းခဲ့တာကို နည်းဥပဒေ ပေါ်ထွက်လာခြင်း မရှိသေးတဲ့အတွက် ဆိုကာ မြို့နယ်အာဏာပိုင်တွေက တားမြစ်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

လွန်ခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က အတည်ပြု ထုတ်ပြန်ခဲ့တဲ့ လယ်ယာမြေ ဥပဒေမှာ တောင်သူလယ်သမားများ သမဂ္ဂ ဖွဲ့စည်းခွင့်ရှိသည်ဟု ဖော်ပြထားတဲ့ အတွက် လယ်သမားတွေက အခုလို ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

မေလ ၁၁ ရက်နေ့က ပုသိမ်မြို့နယ် အာဏာပိုင်အဖွဲ့က လယ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် လျှောက်ထားသူတွေကို ခေါ်ယူပြီး ရပ်ဆိုင်းထားဖို့ ပြောဆိုခဲ့ကြောင်း ဦးဆောင်လုပ်ကိုင်နေသူ ဦးမျိုးကိုက ပြောပြပါတယ်။

"သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းတွေကို လိပ်မူပြီး ကျွန်တော်တို့ စာတင်ခဲ့တယ်ခင်ဗျ။ ၂၀၁၂ ခုနှစ် မေလ ၁၁ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးတယ်ပေါ့။ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့၊ သူတို့က ဘာပြောလဲဆိုတော့ ဒီသမဂ္ဂ ဖွဲ့စည်းရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်က ပြဋ္ဌာန်းပေမယ့် နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေ ထွက်ပေါ်လာတဲ့အထိ စောင့်ပြီးတော့ ဆောင်ရွက်သွားပါ ဆိုပြီးတော့ အသိပေးတယ်ပေါ့နော်။ ကျွန်တော်တို့ကလည်း သိရှိပါတယ် ဆိုပြီးတော့ လက်မှတ်ထိုးခဲ့ပါတယ်။"

ပုသိမ်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဌာန၊ မြေစာရင်းဦးစီးဌာနနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က သူတို့ရှေ့မှောက်မှာ ခေါ်ယူလက်မှတ်ထိုးခိုင်းခဲ့တာ ဖြစ်ပါတယ်။

လယ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်နဲ့ ပတ်သက်ပြီး တရားဝင်ဥပဒေ ပြဋ္ဌာန်းထားပြီး၊ နည်းဥပဒေအဖြစ် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် နည်းဥပဒေမှာ အကျုံးဝင်တယ်လို့ အလုပ်သမား၊ လယ်သမား အရေး ဆောင်ရွက်နေသူ ရှေ့နေ ဦးဌေးကတော့ ပြောပါတယ်။

"အလုပ်သမား အဖွဲ့အစည်း ဥပဒေထဲမှာပဲ သူတို့က အကျုံးဝင်တာပေါ့လေ။ သူက မြေယာ ဥပဒေမှာတော့ သူက ညွှန်းထားတယ်။ တောင်သူလယ်သမား အဖွဲ့အစည်း ဖွဲ့စည်းနိုင်သည် ဆိုပြီးတော့ သူက ညွှန်းထားတယ်။ ပုဒ်မ ၃၈ မှာဆိုထားတယ်။ ကျွန်တော်တို့ ဥပဒေအမြင်ကျတော့ နည်းဥပဒေ မလိုဘူးပေါ့ဗျာ။ အလုပ်သမားထဲမှာဆိုရင် သူက အမြဲတမ်း အလုပ်သမား၊ ယာယီအလုပ်သမား၊ စိုက်ပျိုးရေးအလုပ်သမား၊ အိမ်အကူအလုပ်သမား၊ အစိုးရ ဝန်ထမ်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်း ဖြစ်ဖြစ် မိမိတို့ လုပ်အားနဲ့ လုပ်ကိုင်သူလို့ အဓိပ္ပာယ် ဖွင့်ဆိုတာကိုး၊ အလုပ်သမားကို၊ အဲဒီတော့ သူက အလုပ်သမားထဲမှာပါတယ်။ နည်းဥပဒေမှာတော့ လယ်သမားနဲ့ ပတ်သက်လို့ တခါ ညွှန်းထားတာက လယ် ၁၀ ဧကနဲ့ အထက်ရှိရင် ပိုင်ရှင်စာရင်းထဲ ပါသွားတယ်။"

ပုသိမ်မြို့၊ ကြက်ပေါင်အုပ်စု လယ်သမားတွေကတော့ လယ်သမားတွေရဲ့ အခွင့်အရေးတွေကို အမှန်တကယ် အကာအကွယ်ပေးနိုင်မယ့် လယ်သမားသမဂ္ဂတရပ် ပေါ်ထွန်းလာတဲ့အထိ ဆက်လက် ဆောက်ရွက်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org