အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့တဲ့ ပုသိမ် NLD ဥက္ကဋ္ဌနဲ့ ပါတီဝင်တချို့ စောင့်ကြည့်ခံနေရ
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် NLD ပါတီ သတင်းပြန်ကြားရေးတာဝန်ယူထားသူ တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ အပါအဝင် ပါတီဝင်တချို့ အသွားအလာကန့်သတ် စောင့်ကြည့်ခံနေရပါတယ်။
-
စိုးသိမ်း
2020-10-05 -
-
-
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနဲ့ ထိတွေ့မှုရှိခဲ့တာကြောင့် မြို့နယ် NLD ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင် တချို့ကို အသွားအလာကန့်သတ်ထားတာလို့ ပုသိမ်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်စန်းစန်းဌေးက RFA ကို အတည်ပြု ပြောကြားပါတယ်။
“ရုံးက လောလောဆယ်မှာ EC (အလုပ်အမှုဆောင်ကော်မတီဝင်) တွေထဲက နှစ်ယောက်၊ နောက်ပြီးတော့ အတွင်းရေးမှူးနဲ့ အန်တီနဲ့ ဆိုရင် လေးယောက်ပေါ့နော်၊ အခုဖြစ်တဲ့ ပေါ့စတစ်ထွက်တဲ့ တစ်ယောက်နဲ့ဆိုရင် ငါးယောက်ပေါ့နော်၊ ဆက်စပ်ကလေးတွေက ရုံးအဖွဲ့မှူးတွေ ဘာတွေကတော့ လေး၊ ငါးယောက်ရှိတယ်”
ဒေါ်စန်းစန်းဌေးကိုယ်တိုင်လည်း အသွားအလာ ကန့်သတ်ခံထားရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ NLD ပါတီ ပုသိမ်မြို့နယ် သတင်းပြန်ကြားရေးတာဝန်ယူထားသူဟာ စက်တင်ဘာ ၂၂ ရက်နေ့က ဧရာဝတီတိုင်းမဲဆန္ဒနယ်အမှတ် (၁) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုး နဲ့ အတူ လေဘေးကယ်ဆယ်ရေး ခရီးစဉ် သွားရောက်ခဲ့ပါတယ်။
အဲဒီခရီးစဉ်မှာ လိုက်ပါလာတဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဝန်ထမ်းတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့တာကြောင့် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးနဲ့ အတူ အသွားအလာကန့်သတ်ထားရာကနေ NLD သတင်းနဲ့ ပြန်ကြားရေးတာဝန်ယူထားသူမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အသွားအလာကန့်သတ် စစ်ဆေးထားသူ နှစ်ဦးထဲက NLD သတင်းပြန်ကြားရေးတာဝန်ယူထားသူမှာပဲ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိပြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးကတော့ ပိုးကူးခံရတာမရှိဘူးလို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် ပြောပါတယ်။ ဦးစိုးမိုးဟာ သမ္မတဦးဝင်းမြင့်ရဲ့ သားမက်လည်း ဖြစ်ပါတယ်။
"နှစ်ပိုင်းပေါ့နော်၊ ပထမပိုင်းကတော့ လေဘေးကယ်ဆယ်ရေး ခရီးစဉ်ကတော့ ဟုတ်ပါတယ်။ သူက NLD ပါတီဝင်ဖြစ်တဲ့အခါကျတော့ NLD ရဲ့ မန်ဘာတွေနဲ့ အချိတ်အဆက်က ရှိတယ်ပေါ့နော်။ ရှိတဲ့အခါကျတော့ သူက လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးရဲ့ PSO ဖြစ်တယ်ပေါ့နော်။ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးနဲ့ ထိစပ်မှု များတယ်ပေါ့နော်။ ဦးစိုးမိုးကလည်း စစ်တဲ့အထဲမှာပါတယ်။ ဦစိုးမိုးကတော့ Negative ထွက်သွားတယ်"
NLD သတင်းနဲ့ ပြန်ကြားရေးတာဝန်ယူထားဟာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုးရဲ့ ကိုယ်ရေးအရာရှိဖြစ်ပြီး ပါတီဝင်တွေနဲ့လည်း ထိတွေ့မှုရှိသူပါ။
ပိုးကူးစက်ခံနေရသူဟာ လေဘေးကယ်ဆယ်ရေးခရီးစဉ်က ပြန်လာပြီး မြို့နယ်ပါတီရုံး အပြောင်းအရွှေ့ လုပ်ဆောင်ရာမှာ ပါတီဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ရှိခဲ့တယ်လို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်စန်းစန်းဌေးက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်တာကနေ ကူးစက်ခံရတာ မဟုတ်ဘူးလို့လည်း ဒေါ်စန်းစန်းဌေးက ပြောပါတယ်။
"ဒါက မဲဆွယ်စည်းရုံးရေးသွားရင်းနဲ့ ဖြစ်တဲ့ကွင်းဆက် မဟုတ်ပါဘူး။ ပြည်သူလူထု တစ်ကယ့် သဘာဝဘေး အန္တရာယ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး လေဆင်နှာမောင်းကြောင့် စားရေးရိက္ခာ သွားရောက် ထောက်ပံ့ တာကနေ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးရဲ့ ကွင်းဆက်ကနေဖြစ်တဲ့ ပြဿနာပါ၊ မဲဆွယ်စည်းရုံးရေးနဲ့ ဖြစ်တဲ့ ပြဿနာ မဟုတ်ဘူးလို့ အန်တီက ယတိပြတ်ငြင်းဆိုပါတယ်။”
ပုသိမ်မြို့နယ်ဟာ နေအိမ်မှာနေထိုင်ရေး သတ်မှတ်ထားတဲ့ မြို့နယ်ဖြစ်ပြီး နိုင်ငံရေးပါတီတွေက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေအညီ မဲဆွယ်နေတာလည်းရှိပါတယ်။
ဧရာဝတီတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အောက်တိုဘာ ၂ ရက်နေ့အထိ ၃၃၀ ဦးရှိနေပြီး အဲဒီအထဲမှာ ပုသိမ်မြို့က ၁၁၂ ဦးပါဝင်ပါတယ်။
-----------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက်အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)