ပုသိမ်ထောင်တွင်းပစ်ခတ်မှု နိုင်ငံရေးအကျဉ်းသားတစ်ဦးသေဆုံး၊ ၆၀ ကျော် ဒဏ်ရာရ၊ ရှစ်ဦး စိုးရိမ်ရ

ပုသိမ်ထောင်တွင်းပစ်ခတ်မှုမှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက် သေဆုံးပြီး အသက်အန္တရာယ် စိုးရိမ်ရသူ ရှစ်ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကူညီနေသူတွေက ပြောပါတယ်။

၂ဝ၂၃ ခုနှစ် ဇန်နဝါရီ ၆ရက်နေ့ အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် ပုသိမ်ထောင်တွင်းမြင်ကွင်း။ Myanmar Military

ဧရာဝတီတိုင်း၊ ပုသိမ်ထောင်တွင်း ပစ်ခတ်မှုမှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက် သေဆုံးပြီး အသက်အန္တရာယ် စိုးရိမ်ရသူ ရှစ်ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကူညီနေသူတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ ထောင်ဆူပူမှုမှာ အကျဉ်းသားအချင်းချင်းရိုက်နှက်လို့ အချုပ်သားတစ်ယောက် သေဆုံးပြီး ၆၃ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၅ ရက်နေ့ညက နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုးဆီကနေ ဖုန်းတစ်လုံး တွေ့ရှိတာကြောင့် သူအပါအဝင် သုံးယောက်ကို သီးခြားခွဲထုတ်ပြီး ရိုက်နှက်ခဲ့ပါတယ်။

နောက်တစ်နေ့မနက်မှာ သူတို့ကို ပြန်လွှတ်ပေးဖို့ နိုင်ငံရေးအကျဉ်းသားတွေက တောင်းဆိုရာကနေ ဆူပူမှုဖြစ်ပြီး ပစ်ခတ်ရိုက်နှက်ခဲ့ကြတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။

“ကိုဝေယံဖြိုး ခေါ် မဲကြီးကတော့ ဦးခေါင်းကို ကျည် ၃ချက်ထိပြီး နေရာမှာတင် ပွဲချင်းပြီး ကျဆုံးတယ်။ အဓိကကတော့ ဖုန်းတစ်လုံးမိလို့ဆိုပြီး ခေါ်ထုတ်ပြီးတော့ ညကတည်းက နှိပ်စက်တာ၊ မနက် ၉နာရီခွဲလောက်မှာ လွှတ်ပေးဖို့ တောင်းဆိုတာကို ထောင်ဆူပူအောင်လုပ်တယ်ဆိုပြီး ရဲရော၊ တပ်ရော အကျဉ်းဦးစီးက ဝန်ထမ်းတွေရော ပေါင်းပြီးတော့ နိုင်ကျဉ်း ၆ဝလောက်ကို ကြိုးတုပ်ရိုက်တယ်။ ပစ်တာ ခတ်တာတွေ ဖြစ်လာတယ်။”

သေဆုံးသူ ကိုဝေယံဖြိုးဟာ ထောင် ၂၈ နှစ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ဖြစ်ပါတယ်။ ဘယ်ပုဒ်မတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

၂ဝ၂၃ ခုနှစ် ဇန်နဝါရီ ၆ရက်နေ့ အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် ပုသိမ်ထောင်တွင်းမြင်ကွင်း။ (Photo: Myanmar Military)

ရိုက်နှက်ခံရမှု၊ သေနတ်ကျည်ထိမှန်မှုတွေကြောင့် ကိုဖိုးလပြည့်၊ ကိုဝင်းမင်းထက်၊ ကိုစိုးယုကျော်၊ ကိုဝေဇော်လတ်၊ ကိုအောင်ထွန်းမြင့်၊ ကိုကျော်ရဲအောင်၊ ကိုရဲသွေးနီတို့ဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့လည်း ဦးထွန်းကြည်က ပြောပါတယ်။ အခု ပုသိမ်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေရှိတဲ့ အဆောင်တွေရှေ့မှာ လုံခြုံရေးတိုးချထားတယ်လို့လည်း ဆိုပါတယ်။

ပုသိမ်ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုဟာ အလွန်ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org