ပုသိမ်ထောင်တွင်း အကြမ်းဖက်မှုမှာ နိုင်ငံရေးအကျဉ်းသား နောက်ထပ် တစ်ဦး သေဆုံး

RFA Burmese
2023.01.07
ပုသိမ်ထောင်တွင်း အကြမ်းဖက်မှုမှာ နိုင်ငံရေးအကျဉ်းသား နောက်ထပ် တစ်ဦး သေဆုံး ပုသိမ်ထောင်တွင်း မြင်ကွင်း။
Myanmar Military

ဧရာဝတီတိုင်း ပုသိမ်မြို့ အကျဉ်းထောင်မှာ ဇန်နဝါရီ ၅ရက်နဲ့ ၆ရက်နေ့တို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုးအပြင် နောက်ထပ် ကိုဝင်းမင်းထက် ဆိုသူ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားအသိုင်းအဝန်းက ပြောပါတယ်။

ကိုဝင်းမင်းထက်ဟာ ကိုဝေယံဖြိုးနဲ့အတူ ဇန်နဝါရီ ၅ရက်နေ့ညက သီးခြားခွဲထုတ်ပြီး ညှဉ်းပန်းနှိပ်စက်ခံရသူတွေထဲက တစ်ဦးဖြစ်ပြီး နောက်ဆက်တွဲရတဲ့ သတင်းတွေအရ သူဟာ အဲဒီညမှာကတည်းက သေဆုံးခဲ့တာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။

“သူတို့နှစ်ယောက်က ဒီဖြစ်စဉ်မဖြစ်ခင်မှာ ထောင်အာဏာပိုင်တွေနဲ့ အချေအတင်ဖြစ်ခဲ့တာရှိတယ်လို့ သတင်းရတယ်။ အဲဒီအပေါ်မှာ အငြိုးထားတာလည်း ဖြစ်မယ်။ ကိုဝေယံဖြိုးကတော့ သေနတ်နဲ့ပစ်ခတ်ခံရပြီးမှ ကျဆုံးတာ၊ ကိုဝင်းမင်းထက်ကတော့ ရိုက်နှက်ညှဉ်းပန်းပြီးတော့ လက်လွန်ပြီး ကျဆုံးတာ။ မည်သို့ပင်ဆိုစေကာမူ ဒါက ရာဇဝတ်မှု၊ လူသတ်မှု။ အကျဉ်းထောင်ထဲမှာ စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ။”

ဇန်နဝါရီ ၇ ရက်အထိ သတင်းတွေအရ ထောင်အာဏာပိုင်တွေက ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ကတုံး တုံးပြီး ညှဉ်းပန်းနှိပ်စက်တာတွေ ဆက်ကျူးလွန်နေဆဲပဲလို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဒီအကြမ်းဖက်မှုတွေကြောင့် အရေးပေါ်ဆေးကုသမှုခံယူဖို့ လိုအပ်တဲ့ နိုင်ငံရေးအကျဉ်းသား ၁၅ ယောက်ခန့်ရှိပြီး သူတို့ဟာ လုံလောက်တဲ့ ဆေးကုသမှုမရကြဘူးလို့လည်း ဦးထွန်းကြည်က ပြောပါတယ်။

ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ ထုတ်ပြန်ချက်မှာ ကိုဝင်းမင်းထက်အပါအဝင် ရှစ်ဦးဟာ မြန်အောင်မြို့နယ်က သေဒဏ်ကျကျောင်းဆရာအတွက် ပုသိမ်ထောင်မှာ ကြိုးစင်တည်ဆောက်နေတာကို ကန့်ကွက်ရာကနေ ထောင်အာဏာပိုင်တွေနဲ့ အချင်းများတာလို့ ဖော်ပြထားပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့် ခြေကျိုး၊ လက်ကျိုး၊ ဦးခေါင်းကွဲဒဏ်ရာတွေနဲ့ အပြင်းအထန်ဒဏ်ရာရသူ ၆ဝ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကတော့ ပုသိမ်ထောင်မှာ အကျဉ်းသား၊ အချုပ်သားတွေက ထောင်အာဏာပိုင်တွေ၊ ဝန်ထမ်းတွေကို ရန်မူတိုက်ခိုက်တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဓိကရုဏ်းနှိမ်နင်းရေး လက်နက်တွေနဲ့ ပစ်ခတ်ခြောက်လှန့်ပြီး နှိမ်နင်းခဲ့ရတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် အကျဉ်းသားအချင်းချင်း ရိုက်နှက်လို့ အချုပ်သားတစ်ယောက်သေဆုံးပြီး ၆၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။