မျိုးစောင့်ဥပဒေအောင်ပွဲ ပုသိမ်မှာကျင်းပ

ဧရာဝတီတိုင်းဒေသကြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) က ဦးစီးပြီး မျိုးစောင့်ဥပဒေ ၄ မျိုးဥပဒေပြဌာန်းနိုင် တဲ့အတွက် အောင်မြင်တဲ့အထိမ်းအမှတ် ကြိုဆိုထောက်ခံပွဲ ကို ပုသိမ်မြို့ ကိုးသိန်းအားကစားခန်းမမှာ ဒီနေ့ ကျင်းပခဲ့ ပါတယ်။

စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ စက်တင်ဘာလ ၁၉ ရက်နေ့ကပြုလုပ်တဲ့ အမျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲကို တွေ့ရစဉ် Photo:Min Thein Aung/RFA

ဧရာဝတီတိုင်းဒေသကြီး အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) က ဦးစီးပြီး မျိုးစောင့်ဥပဒေ ၄ မျိုးဥပဒေပြဌာန်းနိုင်တဲ့အတွက် အောင်မြင်တဲ့အထိမ်းအမှတ် ကြိုဆိုထောက်ခံပွဲကို ပုသိမ်မြို့ ကိုးသိန်းအားကစား ခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

မဘသ ဗဟိုရဲ့ ညွှန်ကြားချက်နဲ့ ဂုဏ်ပြုပွဲကျင်းပတာလို့ ဧရာဝတီတိုင်းဒေသကြီး မဘသဗဟိုအဖွဲ့ဝင် ဆရာတော် ဒေါက်တာရှင်ဉာဏလကာၤရက မိန့်ပါတယ်။

"မျိုးစောင့်ဥပဒေ အောင်မြင်မှုအထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုပွဲကို တိုင်းနဲ့ပြည်နယ် အကုန်လုပ်ကြတာလေ၊ တိုင်းနဲ့ပြည်နယ်ဆိုတော့ ဒီနေ့ဧရာဝတီက အားလုံးစုပေါင်းကြတာပေါ့ ပုသိမ်မှာပါ၊ ဘုန်းဘုန်းတို့ ဒီလိုမျိုး အမျိုးဘာသာ သာသနာအတွက် လုံခြုံဖို့၊ အမျိုးသမီးတွေ လုံခြုံဖို့၊ အနာဂတ်အတွက် စိတ်ချရမယ့်ဥပဒေ တစ်ခု ပေါ်ထွန်းလာတဲ့အတွက် ဒါကိုကြိုဆိုတဲ့အကြောင်း၊ ဂုဏ်ပြုတဲ့အကြောင်းပဲပြောရမှာပေါ့"

မဘသအဖွဲ့က ဦးဆောင်ရေးဆွဲတဲ့ မျိုးစောင့်ဥပဒေတွေဖြစ်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုဥပဒေ၊ မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ လေးခုကို ပြီးခဲ့တဲ့ လွတ်တော်အစည်းအဝေးတွေမှာ အပြီးသတ် ပြဌာန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ၂၆ မြို့နယ်က မဘသအဖွဲ့ဝင် သံဃာတစ်ထောင်ကျော် တက်ရောက်ခဲ့ကြပြီး မဘသဗဟိုက ဆရာတော်တွေလည်း ကြွရောက်ဟောပြောခဲ့ကြပါတယ်။

မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မဘသအဖွဲ့က အလားတူကြိုဆိုပွဲ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

မျိုးစောင့်ဥပဒေပြဌာန်းနိုင်ခြင်း ဂုဏ်ပြုအခမ်းအနားတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုလုံးမှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org