ပေါက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး

ပေါင်းသုံးရာ ဗုံးသုံးလုံးကို ဖလံကိုင်းရေနံမြေနဲ့ ကျောက်တိုင်ခင်ရွာအနီးမှာ ကြဲချတာကြောင့် အသက် ၄၀ အရွယ် ကျောက်တိုင်ခင်ရွာသား ဦးစက်ကျော် ဗုံးစထိမှန်သေဆုံးခဲ့ပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ် တစ်နေရာကို တွေ့ရစဉ်။ Facebook/Pauk Newsletter page

မကွေးတိုင်း ပေါက်မြို့နယ် ကျောက်တိုင်ခင်ရွာကို စစ်ကောင်စီတပ်က ဧပြီလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်ကွဲအားပြင်းထန်တဲ့ ပေါင်းသုံးရာ ဗုံးသုံးလုံးကို ဖလံကိုင်းရေနံမြေနဲ့ ကျောက်တိုင်ခင်ရွာအနီးမှာ ကြဲချတာကြောင့် အသက် ၄၀ အရွယ် ကျောက်တိုင်ခင်ရွာသား ဦးစက်ကျော် ဗုံးစထိမှန်သေဆုံးခဲ့တာလို့ ပေါက်ဒေသခံတစ်ဦးက ပြောပါတယ်။

"သူ့တို့ဘက်က စစ်သားတွေ စခန်းကနေ စွန့်ခွာသွားတော့ ပြည်သူတွေ လုပ်စားလို့မရအောင် အကုန်ဖျက်ဆီး ပစ်တာပေါ့။ ကျောက်တိုင်ခင်ရွာက သေသွားတဲ့ ဒေသခံက ရေနံတွင်းတူးသမားပေါ့။ ဗုံးစက ဗိုက်ကို ပေါက်ထွက်သွားတယ်။ နေအိမ်တွေနဲ့ အိမ်မွေးတိရစ္ဆာန် နည်းနည်းပါးပါး ထိခိုက်ပါတယ်”

ကျောက်တိုင်ခင်ရွာအနီးက ဖလံကိုင်းရေနံမြေမှာ တပ်စွဲအထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဧပြီလ ၂၁ ရက်နေ့မှာ စခန်းကနေ စွန်ခွာသွားခဲ့တာပါ။ အဲဒီနောက် ဖလံကိုင်းရေနံမြေမှာ လုပ်ကိုင်စားလို့မရအောင် တိုက်ပွဲတွေမရှိဘဲ ဗုံးကြဲဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းအရ ပဋိပက္ခတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ သေဆုံးသူ စုစုပေါင်း ၃၉၇ ဦးနဲ့ ဒဏ်ရာရသူက ၈၈၉ ဦးအထိ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org