ပေါက်တောမှာ ဖမ်းဆီးခံရတဲ့ စစ်ဘေးဒုက္ခသည် ရှစ်ဦး မိသားစုနဲ့ အဆက်အသွယ်မရ

စစ်တွေမြို့အနီးက ကုလားတန်မြစ်ထဲမှာ ငါးဖမ်းနေချိန် ဖမ်းဆီးခံရတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ ကလေးနှစ်ဦးလည်း ပါဝင်တယ်လို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် ပေါက်တောမြို့အား တွေ့ရစဉ်။ The Akyab Post Facebook

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အနောက်ရဲ စစ်ဘေးဒုက္ခသည်စခန်းက မွတ်စလဆင် အမျိုးသား ရှစ်ဦးကို စစ်ကောင်စီရေတပ်က ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စက်တင်ဘာလ ၃ ရက် ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။

စစ်တွေမြို့အနီးက ကုလားတန်မြစ်ထဲမှာ ငါးဖမ်းနေချိန် ဖမ်းဆီးခံရတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ ကလေးနှစ်ဦးလည်း ပါဝင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“ငါးဖမ်းနေတဲ့အချိန် စစ်တပ်နေဗီက ခေါ်သွားတာ။ အခုချိန်ထိ ဘာအဆက်အသွယ်မှ မရသေးဘူး။ အသက် ၁၈ နှစ်အောက် ကလေးနှစ်ယောက်လည်းပါတယ်”

အဲဒီဒုက္ခသည်စခန်းမှာ ဒုက္ခသည် ငါးထောင်ခန့် နေထိုင်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လစဉ်ထောက်ပံ့မှု မရတာ အချိန်ရှစ်လခန့် ရှိလာပြီဖြစ်လို့ စားသောက်ရေးအတွက် ကုလားတန်မြစ်ထဲမှာ ငါးဖမ်းထွက်ကြတာလို့ သူက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၃၀ နဲ့ ၄၀ ကြား အမျိုးသား ခြောက်ဦးနဲ့ အသက် ၁၀ နှစ်ကနေ ၁၈ နှစ်အတွင်း ကလေး နှစ်ဦးပါဝင်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့ကလည်း ကုလားတန်မြစ်အတွင်း စစ်ကောင်စီရေတပ်ရဲ့ ပစ်ခတ်မှုကြောင့် ငါးဖမ်း သမားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ကုန်းလမ်း၊ ရေလမ်း စတဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ဖြတ်တောက်ခံထားရပြီး အခြေခံစားကုန်၊ ဆေးဝါးနဲ့ လောင်စာဆီတွေ ရှားပါနေသလို ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ တိုက်ပွဲ ကိုးလကျော်အတွင်း ရခိုင်ပြည်နယ် အတွင်းက မြို့နယ် ကိုးမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို AA က သိမ်းပိုက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org