ပေါင်းတည်မြို့ စစ်တပ်ကပြန်လွတ်လာသူ ငါးရက်အကြာမှာ သေဆုံး
ပဲခူးတိုင်း (အနောက်ခြမ်း) ပေါင်းတည်မြို့၊ ဘွဲ့ပင်ကန်ရပ်ကွက်က အသက် ၅၀ ခန့်အရွယ် ဦးတိုးကြီးဟာ စစ်ကောင်စီရဲ့အဖမ်းခံခဲ့ရမှုကနေ ပြန်လည်လွတ်မြောက် လာပြီးနောက် ငါးရက်နီးပါးအကြာ စက်တင်ဘာ ၁၉ ရက် မနေ့က သေဆုံး သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
- 2021-09-20
-
-
-
ပဲခူးတိုင်း (အနောက်ခြမ်း) ပေါင်းတည်မြို့၊ ဘွဲ့ပင်ကန်ရပ်ကွက်က အသက် ၅၀ ခန့်အရွယ် ဦးတိုးကြီးဟာ စစ်ကောင်စီရဲ့အဖမ်းခံခဲ့ရမှုကနေ ပြန်လည်လွတ်မြောက်လာပြီးနောက် ငါးရက်နီးပါးအကြာ စက်တင်ဘာ ၁၉ ရက် မနေ့က သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
"ရပ်ကွက်ထဲက လေးထောင့်ခင်း ဘုန်းကြီးကျောင်းဝိုင်းထဲမှာ လည်ပင်းပြတ်ရှထားတဲ့ဒဏ်ရာ၊ နောက်စေ့ ပေါက်ပြဲ ဒဏ်ရာတွေနဲ့ မနေ့ မနက်ပိုင်းက အလောင်းပြန်တွေ့တာ" လို့ ဦးတိုးကြီးရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။
ပဲခူးတိုင်း၊ အခြေစိုက် မြေလတ်သတင်းဌာနမှာတော့ ကြိုးဆွဲချတဲ့ပုံစံ ပြတ်နေတဲ့ ကြိုးအပိုင်းအစတစ်ခုကို ဇရပ်ထုပ်တန်းမှာ အရင်ဆုံး တွေ့ရသလို၊ ဘုန်းကြီးကျောင်းထဲက ပစ္စည်းတစ်ခုခုခုနဲ့ လည်ပင်းကိုဖြတ်ပြီး ကိုယ့်ကိုကိုယ် သတ်သေပုံရတယ်လို့ ကိုယ်တိုင်သွားကြည့်ခဲ့တဲ့ ဒေသခံတစ်ဦးရဲ့ ပြောဆိုမှုကို ကိုးကားပြီး ရေးသားထားပါတယ်။
ဦးတိုးကြီးနဲ့အတူ သားဖြစ်သူ ကိုသီဟကို မိုင်တယ် (Mytel) တာဝါတိုင် ဖျက်ဆီးဖို့ စီစဉ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်သားတွေက စက်တင်ဘာ ၁၃ ရက်နေ့မှာ ဖမ်းဆီးသွားတာဖြစ်ပြီး နောက်နေ့မှာပဲ ဦးတိုးကြီးကို ပြန်လွှတ်ပေးခဲ့ပေမယ့် သားဖြစ်သူကိုတော့ ဒီနေ့အထိ ပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
RFA က စုံစမ်းရရှိထားတဲ့ အချက်အလက်တွေအရ စက်တင်ဘာလ ၄ ရက်ကနေ စက်တင်ဘာ ၂၀ ရက် ဒီနေ့အထိ အချိန် နှစ်ပတ်ကျော်ကာလအတွင်း ဖောက်ခွဲဖျက်ဆီးခံရတဲ့ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၆၀ ကျော် ရှိလာပြီး ဒေသခံ ပြည်သူတွေကိုလည်း တာဝါတိုင်ဖျက်ဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးအရေးယူတာတွေ နေရာအနှံ့ ရှိလာပါတယ်။