ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးငယ် အယောက် ၄၀ သေဆုံးခဲ့

ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အသက် ၁၈ နှစ်အောက် ကလေး အယောက် ၄၀ သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံနှင့် အပျက်အစီးအချို့အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အသက် ၁၈ နှစ်အောက် ကလေး အယောက် ၄၀ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ဧပြီလ ၁၆ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းမှာ ဖော်ပြပါတယ်။

အသက်ငါးနှစ်အောက် ကလေးငယ် ခြောက်ဦး၊ အသက် ငါးနှစ်ကနေ ၁၄ နှစ်ကြား ၁၉ ဦး၊ အသက် ၁၄ နှစ်ကနေ ၁၈ နှစ်ကြား ငါးဦးနဲ့ အသက်ခွဲခြားမရတဲ့ကလေးငယ် ၁၀ ဦး သေဆုံးခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

စုစုပေါင်းသေဆုံးသူ ၁၆၈ ဦးရှိပြီး အဲဒီအထဲမှာ ၁၈ နှစ်အထက် လူကြီး ၁၂၈ ဦး ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရတဲ့သူတွေကို NUG က ဆေးတပ်ဖွဲ့လွှတ်ပြီး ကုသပေးနေတယ်လို့ ပြောပါတယ်။ ဒဏ်ရာရသူအရေအတွက် စုစုပေါင်း ၁၆ ဦးရှိပြီး အသက် ၁၈ နှစ်အောက် ကလေး ငါးဦး၊ အသက် ၁၈ နှစ်ကနေ ၄၀ ကြား ရှစ်ဦးနဲ့ အသက် ၄၀ အထက် သုံးဦး ပါဝင်တယ်လို့ ပြောပါတယ်။

ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ စစ်ဘေးဒုက္ခသည် ၃၀၀ ကျော်ရှိပြီး ကူညီကယ်ဆယ်ရေးကို NUG က လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ NUG အနေနဲ့ ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး တရားမျှတမှု ပြန်လည်ရရှိရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

ဧပြီလ ၁၆ ရက်နေ့ ဒီနေ့မှာ NUG က ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီက အသုံးပြုခဲ့တဲ့ လက်နက်တွေနဲ့ ပတ်သက်လို့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ပြောခဲ့ပါတယ်။

စစ်ကောင်စီက ဧပြီလ ၁၁ ရက်နေ့ မနက်ကစပြီး ပဇီကြီးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်ခံရမှုမှာ မိသားစုဝင်တွေ သေဆုံးခဲ့ကြတဲ့ ပဇီကြီးရွာခံတွေက နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့နဲ့ စစ်ကောင်စီတပ်ကို လက်နက်ခဲယမ်းမီးကျောက် အပါအဝင် လေယာဉ်ဆီတွေ မရောင်းချဖို့ တောင်းဆိုနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org