ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၄ ရပ်ကို ထပ်ဆွေးနွေးဖို့ သဘောတူ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ အစိုးရကအဆိုပြုထားတဲ့ လုပ်ငန်းစဉ် ၄ ရပ်ကို ကရင် အမျိုးသား အစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့က ပြင်ဆင်လိုတဲ့အချက်တွေ အစိုးရဘက်ကို တင်ပြခဲ့ရာမှာ အားလုံးကို သဘောတူညီမှုမရသေး တာကြောင့် လာမယ့် စက်တင်ဘာလ ပထမပတ်မှာ ညှိနှိုင်းဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ သဘောတူခဲ့ကြပါတယ်။
-
2019-08-20 -
-
-
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ အစိုးရကအဆိုပြုထားတဲ့ လုပ်ငန်းစဉ် ၄ ရပ်ကို ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့က ပြင်ဆင်လိုတဲ့အချက်တွေ အစိုးရဘက်ကို တင်ပြခဲ့ရာမှာ အားလုံးကို သဘောတူညီမှုမရသေးတာကြောင့် လာမယ့် စက်တင်ဘာလ ပထမပတ်မှာ ညှိနှိုင်းဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ သဘောတူခဲ့ကြပါတယ်။
ကရင်အမျိုးသား အစည်းအရုံး KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချူပ်ကြီး ယွက်ဆစ် ခေါင်းဆောင်တဲ့အဖွဲ့ကို အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဦးဆောင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကိုယ်စားလှယ်တွေက ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ သီးခြားစီ တွေ့ဆုံဆွေးနွေးရာမှာ အားလုံးကို သဘောတူညီမှုမရသေးတာကြောင့် ထပ်မံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
အစိုးရရဲ့ လုပ်ငန်းစဉ် ၄ ရပ်အပေါ် ဒီကနေ့ KNU ဘက်က ပြင်ဆင်တင်ပြလာတဲ့ အချက်တွေအပေါ် ကွာဟတဲ့ သဘောတရား မတွေ့ရပေမယ့် ပုံမှန်တွေ့ဆုံပြီး အသေးစိတ်ညှိနှိုင်းမှုတွေ ဆက်လုပ်နိုင်ဖို့ကိုတော့ လာမယ့် စက်တင်ဘာလမှာ KNU နဲ့ သီးခြားထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့တယ်လို့ ဦးဇော်ဌေး ကပြောပါတယ်။
ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ တရားဝင်ဆွေးနွေးပွဲတွေကို ယာယီ ရပ်ဆိုင်းခဲ့ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုတွေ ရှေ့ဆက်နိုင်ဖို့အတွက် အစိုးရထံကို အဆိုပြုချက်တွေ တင်ပြခဲ့ပြီးနောက် အလွတ်သဘော ၇ ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးမှုတွေရှိလာခဲ့ပြီး ဒီကနေ့ဆွေးနွေးပွဲဟာ တိုးတက်မှုရှိသလို အားရကျေနပ်မှုလည်းရှိတယ်လို့ ပဒိုစောကွယ်ထူးဝင်း က ပြောဆိုပါတယ်။
ဒီနေ့အလွတ်သဘော ဆွေးနွေးမှုတွေကရတဲ့အချက်တွေအပေါ် အစိုးရကို ပြန်တင်ပြသွားရဖို့ရှိသလို တိုင်းရင်သားတွေဘက်ကလည်း မနက်ဖြန် သြဂုတ်လ ၂၁ ရက်နေ့မှာကျင်းပမယ့် နိုင်ငံရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးမှာ တင်ပြပြီး အားလုံးသဘောတူနိုင်တဲ့ ဆုံးဖြတ်ချက်ရယူသွားကြဖို့ရှိတယ်လို့ နှစ်ဖက်ခေါင်းဆောင်တွေက ပြောပါတယ်။
(RFA သတင်းထောက် ဦးအောင်မိုးမြင့် ပေးပို့သည်)