၂၁ ရာစု ပင်လုံကို မတ်လကုန်မှာ ကျင်းပဖို့ သဘောတူ

၂၁ ရာစုပင်လုံအစည်းအဝေးကို ၂၀၂၀ မတ်လကုန်မှာ ကျင်းပဖို့ NCA အပစ်ရပ် ၁၀ ဖွဲ့ က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်တွေကို ငြိမ်းချမ်းရေး ကော်မရှင်က အဆိုပြုခဲ့ပြီး တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အမြန်ဆုံး စတင်နိုင်ဖို့ နှစ်ဖက်သဘောထား ရရှိခဲ့တယ်လို့ သိရပါတယ်။

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့က ကိုယ်စားလှယ်တွေ ၂၀၁၉၊ နိုဝင်ဘာ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးစဥ် ဓါတ်ပုံ - အောင်မိုးမြင့်/ RFA

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကိုရောက်ရှိနေတဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့ဟာ ဒီကနေ့ မနက် ၁၀ နာရီက NCA အပစ်ရပ် စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

နှစ်နာရီကြာတဲ့ ဆွေးနွေးပွဲမှာ နှစ်ဘက်ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေ၊  အစိုးရ ရင်ဆိုင်နေရတဲ့ နိုင်ငံတကာ အခြေအနေတွေကို ဆွေးနွေးခဲ့ကြသလို ရှေ့ဆက်ပြီး ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုတွေ စတင်နိုင်ဖို့ သဘောထား ရယူနိုင်ခဲ့ကြတယ်လို့ အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထောက်တွေကို ပြောပါတယ်။

၂၀၂၀ အလွန် လုပ်ငန်းစဉ်တွေ ဘယ်လိုသွားကြမလဲ၊ အကောင်အထည်ဖော်မှုတွေ ဘယ်လိုလုပ်ကြမလဲ ဆိုတာ အဲဒါတွေကို ကျနော်တို့ အချိန်ပေးပြီးတော့ နှစ်ဘက် လုပ်ရအုံးမှာဖြစ်တယ်၊ အဲဒီတော့ကျမှ ကျနော်တို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ NCA လေးနှစ်ပြည့် လုပ်ငန်းစဉ်၊ ပထမဆုံးလုပ်ငန်းစဉ်ပါ ဒီလာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံမှာ ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း ၃ ပေါ့နော်၊ ၃ မှာပါမည့်ဟာတွေ ဖြစ်ပါတယ်။ အဲဒါတွေကို ကျနော်တို့ ကြိုးပမ်းသွားဖို့ပဲ၊ အဲ့တော့ လမ်းစက ဘယ်ကစမလဲဆိုတော့ JICM အစည်းအဝေးက စမှတ် ဖြစ်သွားမယ်၊ အဲဒီ အစည်းအဝေးကို အမြန်ဆုံးသွားဖို့ နှစ်ဘက် ဆွေးနွေး သဘောထားကြတယ်၊ နောက် နံပါတ် ၂ အချက်ကတော့ ညီလာခံပေါ့နော် ညီလာခံကို ဘယ်ပုံစံ ဘယ်လိုသွားကြမလဲဆိုတဲ့ Timeline ပေါ့၊ အကြမ်းမျဉ်း အဆိုပြုချက် ကျနော်တို့ အစိုးရက အဆိုပြုပါတယ်၊ ဥပမာအားဖြင့် ကျနော်တို့ ဒီ မတ်လပေါ့နော်၊ မတ်လ တပ်မတော်နေ့ နောက်ပိုင်း ၊ ဒါ တပ်မတော်နေ့ နောက်ပိုင်းပေါ့ အဲ့ရက်ပိုင်းမှာ ကျင်းပနိုင်ဖို့ ဒါ အစိုးရ ရဲ့ အဆိုပြုချက်အနေနဲ့ အဆိုပြုတာ ဖြစ်ပါတယ်


ဒီအစည်းအဝေးမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ခရီးစဉ်ကိစ္စ နဲ့ပတ်သက်ပြီး နောက်နောင် EAO အဖွဲ့ခေါင်းဆောင်တွေ ဒီလိုဖြစ်စဉ်မျိုး မဖြစ်ရအောင် အစိုးရ ၊ တပ်မတော်တို့ပါဝင်တဲ့ အစည်းအဝေးတွေမှာ အသိပေး ဆုံးဖြတ်ပြီးမှ သေချာစီစဉ်သွားဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး က သတင်းထောက်တွေကို ပြောပါတယ်။

“ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က တစ်ဆို့မှုတစ်ခုဖြစ်သွားတယ်၊ ခရီးစဉ်အတွက်ကြောင့်နဲ့ ဒါကို ကျနော်တို့က PC ကနေပြီးတော့ ဒီကိစ္စကို ဖြေလျော့ဖို့အတွက် နောက်တစ်ဆင့်သွားဖို့အတွက် လာပြီးတော့ ပြောပြတယ် ဒါကိုလည်း ကျနော်တို့က လက်ခံတယ်၊ အခုဆိုရင် ဒီကိစ္စကတော့ အားလုံး ပြေပျောက်သွားပြီး၊ ရှေ့ဆက် JICM ဆွေးနွေးပွဲ ဖြစ်ဖို့ကို အခု ကျနော်တို့က နှစ်ဘက်က အလုပ်အဖွဲ့များ သဘောတူကြတယ်၊ ဒါဆို ဒီဟာတော့ ကျနော်တို့ ဆုံးဖြတ်ချက် ချလို့မရဘူး PPST မှာ ကျနော်တို့ တင်မယ်၊ PPST ကတော့ လာမည့် ဒီဇင်ဘာ ၂ ရက် ၃ ရက် ၂/၃/၄ မှာထိုင်မယ်၊ အဲ့ဒီမှာဆို အသေးစိတ် လုပ်ငန်းစဉ်ကို ကျနော်တို့ JICM ကနေ ဆုံးဖြတ်ချက် ချထားတာရှိတယ်။ အဲ့ဒါကို ကျနော်တို့ တင်မယ် တင်ပြီးတော့ အသေးစိတ် ဘာလုပ်မလဲ၊ နောက်ပြီးတော့ အစိုးရက တင်ပြထားတဲ့ JICM အစည်းအဝေးကို ဒီဇင်ဘာလ ၁၈၊ ၁၉ မှာလုပ်ဖို့အတွက်က ကျနော်တို့ တင်ပြမယ်ပေါ့”

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးမှာ NCA အပစ်ရပ် သဘောတူစာချုပ် လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ ပါဝင်နိုင်ဖို့ အတွက် မကြာခင်ရက်ပိုင်းမှာ KIO အပါအဝင် AA, TNLA နဲ့ ကိုးကန့် အဖွဲ့  လေးဖွဲ့ကို ငြိမ်းချမ်းရေး ကော်မရှင်က သွားရောက် တွေ့ဆုံဖို့ ရှိပြီး တိုက်ပွဲတွေ ရပ်တန့်နိုင်ရေး အတွက်လည်း ကြိုးစားနေတယ်လို့ ဦးဇော်ဌေး က ဆက်ပြောပါတယ်။

“အဓိက အားဖြင့်တော့ ဒီအဖွဲ့တွေ အနေနဲ့ ကျနော်တို့ ဒီ ပစ်ခတ်တိုက်ခိုက်မှုတွေ ကင်းဝေးဖို့ပေါ့နော်၊ ဒီဟာကို ရဖို့အတွက်ကို ကျနော်တို့က ပဏာမ အပစ်ရပ် သဘောတူညီချက် ရဖို့ ညှိနေတာ ရှိတယ်၊ ဒီဟာ ရသွားရင်တော့ နှစ်ဘက် လက်မှတ်ထိုးနိုင်တဲ့အဆင့် ရောက်သွားပြီ ဆိုရင်တော့  ဒီပစ်ခတ်တိုက်ခိုက်မှုတွေ လျော့နည်း ကျဆင်းသွားမယ်လို့ ကျနော်တို့က မျှော်လင့်ပြီး လုပ်နေတာ ဖြစ်တယ်၊ သို့သော် အဓိကအားဖြင့်တော့ ဒီ ပဏာမ အပစ်ရပ် သဘောတူညီချက် ပြီးရင် နောက်တဆင့် ဘယ်လိုဆက်သွားမလဲ ဆိုတဲ့ဟာပေါ်မှာလည်း နှစ်ဦးနှစ်ဘက် သေချာဖို့လိုတယ်၊ အဲ့ဒါကိုလည်း တွေ့ဖို့ မကြာခင်မှာလည်း တွေ့ဆုံဖို့ ရှိတယ် တွေ့ပြီးရင် ကျနော်တို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါဟာလည်း အကျေအလည် ဆွေးနွေးပြီးမှ လက်မှတ်ထိုးနိုင်တဲ့ အနေအထားပေါ့ ဒါကို မျှော်လင့်ပြီးသွားနေတာ ဖြစ်ပါတယ်”

NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၀ ဖွဲ့နဲ့ အစိုးရ တပ်မတော်တို့ပါဝင်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး JICM ကို အောက်တိုဘာ ၃၀ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နေပြည်တော် ခရီးစဉ် ပျက်ခဲ့ပြီးနောက် ယနေ့အချိန်ထိ ပြန်လည်မကျင်းပနိုင်ပဲ ဖြစ်နေခဲ့တာပါ။

ဒီကနေ့ အစည်းအဝေးကိုတော့ ငြိမ်းချမ်းရေးကော်မရှင် PC မှ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဦးဆောင်ပြီး ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ နှင့် ဦးမိုးဇော်ဦး တို့ ပါဝင်တက်ရောက်ခဲ့ပြီး NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၀ ဖွဲ့မှာတော့ ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်ပြီး ဦးမျိုးဝင်း၊ စောမြရာဇာလင်း၊ ခွန်မြင့်ထွန်း၊ ဗိုလ်မှူးကြီး စောစိန်ဝင်း၊ ဗိုလ်မှူးကြီး စောကျော်ညွန့်၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဆလိုင်း ထလာဟေး၊ နိုင်အောင်မငေး၊ စောဂျော်နီ တို့ တက်ရောက်ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဟာ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ သီးခြားတွေ့ဆုံပြီး အလွတ်သဘော ဆွေးနွေးသွားဖို့ ရှိသေးတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org