ကျောက်ကြီးမြို့နယ် မုန်းမြို့ကို သိမ်းပိုက်လိုက်ကြောင်း ကာကွယ်ရေးအဖွဲ့တွေ ပြော

မုန်းမြို့ထဲက စစ်ကောင်စီတပ်စခန်းတွေကို (PDF) နဲ့ (KNLA) ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ အဝင်တစ်နေရာအား တွေ့ရစဉ်။ PDF Insight

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ထဲက စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ ဒီဇင်ဘာ ၂ ရက်မနေ့ည ၁၁ နာရီခွဲမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်ဒီနေ့မှာတော့ မြို့ကို သိမ်းပိုက်ရရှိခဲ့ပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက်မနက် ၃ နာရီခွဲခန့်မှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၉၉) တပ်နဲ့ မုန်းရဲစခန်းကို သိမ်းပိုက်ရရှိခဲ့သလို မနက် ၇ နာရီ ၄၅ မိနစ်ခန့်မှာတော့ မုန်းတံတား ဂိတ်စခန်းကိုပါ ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၉၀) တပ်ကိုပါ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီး မုန်းမြို့ကို သိမ်းပိုက်ရရှိထားပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ထိန်းချုပ်နိုင်တာ မဟုတ်ဘူး။ အခုက သိမ်းပိုက်နိုင်တာ။ ထိခိုက်သေဆုံးတွေကတော့ မသိရသေးဘူး။ ဒီနေ့ မနက် ၁၀ နာရီ ၂၃ မိနစ်လောက်မှာတော့ ဟိုဘက် (စစ်ကောင်စီ) ကတော့ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးအတွဲလိုက် ဆယ်လုံးပစ်ချသွားတယ်”

ပဲခူးတိုင်းအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေအနေနဲ့ မြို့သိမ်းတာ ပထမဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ တိုက်ပွဲမကြာခဏဖြစ်နေတဲ့အတွက် ဒေသခံပြည်သူ အများစုကတော့ ကြိုတင်ရှောင်ရှားနေကြတာကြောင့် ဘေးကင်းတယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကတော့ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ တိုက်ပွဲဖြစ်ပြီး မြို့သိမ်းခံရတဲ့အခြေအနေကို ဘာမှမကြားမိသေးဘဲ နတ်သံကွင်းဘက်မှာ တိုက်ပွဲဖြစ်နေတာပဲ ကြားမိထားတယ်လို့ RFA ကို ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org