မန္တလေးမှာ PDF ၁၆ ဦး အဖမ်းခံရ

မန္တလေးမှာ Mandalay Young Force (MYF) နဲ့ ဝက်လက် PDF အဖွဲ့ဝင် ၁၆ ဦး ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူး ညက အဖမ်းခံလိုက်ရတယ်လို့ Mandalay Young Force (MYF) နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့ ကျုံးဘေးတစ်နေရာကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ RFA

မန္တလေးမှာ Mandalay Young Force (MYF) နဲ့ ဝက်လက် PDF အဖွဲ့ဝင် ၁၆ ဦး ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူး ညက အဖမ်းခံလိုက်ရတယ်လို့ Mandalay Young Force (MYF) နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
 
လက်ရှိမှာ အဲဒီလူငယ်တွေ စစ်ကြောရေးကို ပို့ဆောင်ခံထားရတယ်လို့လည်း သူကပြောပါတယ်။
 
“ဖမ်းမိတာဟုတ်တယ်။ လောလောဆယ်တော့ စစ်ကြောရေးမှာလို့ သိထားရတယ်။ နောက်ထပ်လူတွေကို ထပ်ရှာနေတယ်လို့လည်း အသံကြားထားတယ်”
 
စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ဒီဇင်ဘာလ ၃၁ ရက် ညနေပိုင်းမှာ Mandalay Young Force (MYF) က ကိုကျော်မင်းခန့်၊ ကိုဟိန်းထက်အောင် (ခ) ကိုဟိန်း၊ ထက်အောင်လင်း၊ လင်းလင်း (ခ) ဖက်တီး ၊ မိုးမြင့်သူ၊ နေသူရိန် (ခ) အောင်ပြည့်ဖြိုး၊ လှိုင်မျိုးဝင်း၊ ရန်ပိုင်ထွန်း (ခ) စော်ဘွား၊ အံ့ဖုန်းခန့် ၊ အာကာဖြိုး (ခ) စောကာကာ၊ မျိုးသူအောင်နဲ့ ဝက်လက် PDF က ကိုအောင်ထက်ကျော် (ခ) တိုက်ဂါးနဲ့ ရဲသူစံကို ဖမ်းဆီးခဲ့တာဖြစ်သလို ချမ်းအေးသာဇံမြို့နယ်၊ ၂၉ x ၉၀ လမ်း ထောင့်မှာရှိတဲ့ မလွန်ကျောင်းတိုက်က ကျောင်းထိုင် ဆရာတော် ဥူးအိန္ဒြာစက္က (ခ) အေးကိုတို့ကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
မြို့ပြမှာလှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့တွေ အခုလို အုပ်စုလိုက် ဖမ်းဆီးခံရတာဟာ အတွင်းထဲ စိမ့်ဝင်လာနေတဲ့ အတွင်းသတင်းပေးတွေကြောင့်လို့ 96 Soldier PDF အညာဒေသတပ်ခွဲ ခေါင်းဆောင် ကိုဇေယျာလွင်က ပြောပါတယ်။
 
“မြို့ပြမှာလှုပ်ရှားရတာက အခက်အခဲ ပိုများတယ်။ အတွင်းထဲ စိမ့်ဝင်လာတဲ့ အတွင်း သတင်းပေးတွေ ထောက်လှမ်းရေးတွေကြောင့် လူငယ်တွေအများအပြားက ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ အဖမ်းခံနေရတာဖြစ်တယ်။ ရန်ကုန်၊ မန္တလေးလိုနေရာတွေမှာ UG လှုပ်ရှားမှုတွေမရှိအောင် ထိန်းချုပ်ဖို့အတွက် သူတို့ဘက်က အင်နဲ့အားနဲ့ စနစ်တကျနဲ့ ပြင်ဆင်ထားတာကို လိုင်းပေါ်တက်လာတာတွေကြည့်ရင် သိသာတယ်။ ကျနော်တို့လူငယ်တွေ သတိကြီးကြီးထားဖို့လိုတယ်”
 
ဖမ်းဆီးခံရသူ ၁၆ ဦးဟာ အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး နှစ်ဦးဖြစ်ပြီး အသက် ၁၈ နှစ်နဲ့ အသက် ၂၀ အရွယ်တွေ ပါဝင်ပါတယ်။ PVC ပိုက်နဲ့ ပြုလုပ်ထားတဲ့ လက်လုပ်မိုင်း ၁၁ လုံး၊ အချိုရည်ဘူးနဲ့ ပြုလုပ်ထားတဲ့ လက်လုပ်မိုင်း လေးလုံး၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး နှစ်လုံးနဲ့အတူ ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဖမ်းဆီးခံရသူတွေအထဲမှာ အသက် ၁၈ နှစ်အရွယ်နဲ့ အသက် ၂၀ ကျော်အရွယ်တွေ ပါဝင်ပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ နေ့အထိ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသူ ၁၃၂၁၇ ဦးရှိပြီး ၁၉၂၃ ဦး ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org