ပုလဲမြို့နယ် ဇီးဖြူကုန်းရွာ စစ်တပ်စခန်းကို PDF ဝင်တိုက်

2022.02.15
ပုလဲမြို့နယ် ဇီးဖြူကုန်းရွာ စစ်တပ်စခန်းကို PDF ဝင်တိုက် ကျားသစ်နက် တပ်ဖွဲ့ဝင်တွေကို ၂၀၂၁၊ ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်
ဓာတ်ပုံ - ကျားသစ်နက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက စစ်ကောင်စီထောက်ခံသူတွေကို သင်တန်းပေးနေတဲ့ ဇီးဖြူကုန်းရွာက စစ်ကောင်စီတပ်စခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၁၅ ရက် ဒီမနက်မှာ တိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့ ပျုစောထီးဆိုသူတွေကို သင်တန်းပေးနေတဲ့ ဇီးဖြူကုန်းရွာ စစ်ကောင်စီ စခန်းကို ဒီနေ့မနက် ၁၂ နာရီခွဲဝန်းကျင်က PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ကျားသစ်နက်အဖွဲ့က ဆရာဖိုးသားက ပြောပါတယ်။

"မကြာခင် သူတို့ကနေတစ်ဆင့် ပြန့်ပွားလာမယ့် အန္တရာယ်တွေရှိနေတာကြောင့် ကြိုပြီး ဝင်တိုက်ခဲ့ကြတာပါ။ အဲဒီရွာမှာ စစ်ကောင်စီခန့် ဥက္ကဋ္ဌက စုဆောင်းရေးသဘောမျိုး လုပ်နေတယ်လို့ သတင်းကြားရပါတယ်။ ဒါမျိုးကို ဆက်လက်ရှင်သန်ခွင့် ပေးထားမယ် ဆိုရင် မြို့နယ်အတွက်၊ နိုင်ငံအတွက်ရော ဒုက္ခရောက်လာမှာပေါ့။ မနိုင်နိုင်မှန်း သိပေမယ့် အတားအဆီးတစ်ခုလိုမျိုး ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်"

အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဲဒီရွာမှာ တပ်စွဲပြီးတော့ စစ်သင်တန်းပေးနေတာဖြစ်ပြီး နေ့စားခ တစ်ရက် ခုနစ်ထောင်နဲ့ လက်နက်တစ်လက်စီ ပေးထားတယ်ဆိုတာ စုံစမ်းသိထားရတယ်လို့ သူက ဆိုပါတယ်။

ဒီနေ့မနက်က တိုက်ပွဲဟာ တစ်နာရီကျော် ကြာခဲ့ပြီး လက်နက်အင်အား မမျှတာကြောင့် ပြန်ဆုတ်ခဲ့ရသလို PDF တွေဘက်က တစ်ယောက်သေဆုံးပြီး လေးယောက် ဒဏ်ရာ ရခဲ့တယ် လို့လည်း ပြောပါတယ်။

ဒီတိုက်ပွဲအတွင်းမှာ ဗိုလ်နဂါး ဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်၊ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့နဲ့ အခြား PDF တပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ဘက်က သေဆုံး၊ ထိခိုက်မှု အခြေအနေကိုတော့ အတည်မပြုနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲဖြစ်စဉ်ကို RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစား နေပါတယ်။

မနေ့ညနေပိုင်းကလည်း ပုလဲမြို့နယ်၊ အင်မထီးရွာမှာ ပျုစောထီးတွေ သင်တန်းပေးနေလို့ ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA)၊ ပုလဲ PDF၊ တောင်ပေါ် ပုဏ္ဏက၊ Pale Plain Defence Groups၊ လင်းယုန်၊ Myaing Village Revolution Front နဲ့ တော်ဝင်လင်းယုန် အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သုံးယောက်သေဆုံးခဲ့တယ်လို့ PRA က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။