ယင်းမာပင်မြို့နယ်ထဲ စစ်တပ်ချီတက်ရာလမ်းကြောင်းကို PDF တွေ မိုင်းခွဲ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက နေရာသုံးခုမှာ ဒေသခုခံကာကွယ်ရေးအဖွဲ့ PDF တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ ဘက်က အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ယင်းမာပင် PDF အဖွဲ့က ပြောပါတယ်။

အာဇာနည်နေ့ အခမ်းအနားကို စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တောတွင်းတစ်နေရာမှာ ကျင်းပနေစဉ် Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက နေရာသုံးခုမှာ ဒေသခုခံကာကွယ်ရေးအဖွဲ့ PDF တွေက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ယင်းမာပင် PDF အဖွဲ့က ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ လမ်းလျှောက်ချီတက်လာစဉ် အချိန်ကိုက် မိုင်းခွဲလိုက်တာလို့ ယင်းမာပင် PDF တာဝန်ခံတစ်ယောက်က ပြောပါတယ်။

"ယင်းမာပင်မြို့အထွက် ဆိုင်းဘုတ်မှာ တစ်ပွိုင့်၊ နောက်ထပ်လမ်းတစ်လျှောက်မှာ တစ်ပွိုင့်စီစောင့်ပြီး မိုင်းခွဲလိုက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ယင်းမာပင်အဖွဲ့နဲ့အတူ မုံရွာ တပ်ရင်း ၂ ကလည်း လာရောက် ဝန်းရံပေးခဲ့ကြပါတယ်။ သူတို့ဘက်ကတော့ အယောက် ၃၀ ကျော်လောက်ကျမယ်။ အရေအတွက် အတိအကျတော့ မသိရဘူး"

ပြောက်ကျားနည်းနဲ့ မိုင်းခွဲတိုက်ခိုက်ကြတာမို့ PDF အဖွဲ့တွေဘက်က ထိခိုက်မှုမရှိခဲ့ကြဘဲ ဆုတ်ခွာနိုင်ခဲ့ ကြတယ်လို့လည်း ပြောပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းလောက်ကစပြီး ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တွေထဲ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးလာရင်း ဒီဇင်ဘာ ၇ ရက်နေ့က ဆားလင်းကြီးမြို့နယ် ဒုံးတောရွာသား ၁၁ ယောက် အသတ်ခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာတွေထဲတပ်စွဲပြီး ပစ်ခတ်နေကြတာမို့ ဒေသခံ နှစ်သောင်းကျော်ဟာလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org