ကန့်ဘလူမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်ကို PDF တွေဝင်တိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းကျေးရွာ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ် PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက် အကျအဆုံးရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၃ ခုနှစ် စက်တင်ဘာလက တွေ့ရစဉ်။ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းကျေးရွာ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ် PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက် အကျအဆုံးရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ အထိုင်ချဖို့ကြိုးစားနေတဲ့ အဲဒီစခန်းကို PDF တွေက အချိန်ခဏအတွင်း သိမ်းလိုက်နိုင်ပေမဲ့ စစ်ကောင်စီဘက်က လေကြောင်းသုံးပစ်ခတ်တာတွေရှိခဲ့လို့ ပြန်ဆုတ်လာရတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

"မနက်ငါးနာရီလောက်က ဝင်တိုက်တာ၊ ၇ နာရီ ၄၇ မိနစ်မှာ နမခမှတက်လာသော Mi 35 နဲ့ ၄၅ မိနစ်လောက် တစ်ကြီမ်လာပစ်တယ်၊ ဆယ်နာရီကျော်မှ တစ်ကြိမ်၊ ၁၂ ကျော်လောက်မှာ တစ်ကြိမ် ထပ်လာပစ်တယ်၊ ကျွန်တော်တို့ဘက်က ရဲဘော် နှစ်ယောက်ကျတယ်၊ ရဲဘော်တချို့ ဒဏ်ရာရတယ်၊ ဟိုဘက်ကတော့ ကျတာတွေများတယ်၊ အသေးစိတ်တော့ ပြောဖို့ခက်တယ်"

စစ်ကောင်စီဘက်က လေကြောင်းနဲ့ရော၊ လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ငှက်ပျော်တိုင်းလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ အဲဒီနေရာမှာ ခံတပ်တည်ဆောက်နေသလို အနီးနားကျေးရွာတွေကို လျှပ်စစ်မီးဖြတ်ထားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

တပ်စွဲထားတဲ့နေရာအနီးနားက ငှက်ပျောတိုင်း၊ ပေကြီး၊ ခအုံးတာ စတဲ့ ရွာသုံးရွာက ဒေသခံသုံးထောင်ကျော်ဟာ နီးစပ်ရာကို ကြောက်လန့်ထွက်ပြေးနေပါတယ်။

အဲဒီဘက်ကတိုက်ပွဲနေတဲ့ ပတ်သက်ပြီးမေးမြန်းဖို့ စစ်ကိုင်းတိုင်းစစ်ကောင်စီပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org