တီးတိန်မြို့ ကနေဒီတောင်ထိပ်က စစ်ကောင်စီတပ်စခန်းကို PDF Zoland သိမ်းပိုက်

ချင်းပြည်နယ်မြောက်ပိုင်း ကနေဒီတောင်ထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၂၁ ရက်နေ့မှာ PDF Zoland က တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ဒေသခံတွေနဲ့ PDF Zoland အဖွဲ့ဘက်က RFA ကို ပြောပါတယ်။

ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF Zoland) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဉ်။ PDF Zoland

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်၊ ကလေးနဲ့ တီးတိန်အကြား ကနေဒီတောင်ထိပ် မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၂၁ ရက် မနက်အစောပိုင်း ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF Zoland) က တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ဒေသခံတွေနဲ့ (PDF Zoland) အဖွဲ့ဘက်က RFA ကို ပြောပါတယ်။

ကနေဒီတောင်စခန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တီးတိန်မြို့အခြေစိုက် ခလရ - ၂၆၉ တပ်ရင်းက စစ်ကောင်စီတပ်သားတွေအပြင် ကလေးမြို့ကနေ အင်အားဖြည့်ထားတဲ့ စစ်ကောင်စီတပ်သားတွေရောပြီး အင်အားသုံးဆယ်ဝန်းကျင် အထိုင်ချထားတာလို့ ဆိုပါတယ်။

စစ်ရေးအရ အချက်အချာကျတဲ့ စခန်းတစ်ခုဖြစ်တာကြောင့် အခုလိုသိမ်းပိုက်ခဲ့တာလို့ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF Zoland) တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ဒီမနက် ၄ နာရီအချိန်က စတိုက်တာ၊ ၆ နာရီခန့်မှာ လုံးလုံးသိမ်းနိုင်ပြီ။ သူတို့ငါးယောက်ထက် မနည်းသေတယ်။ အလောင်းတွေ့သလောက်ပေါ့။ ထွက်ပြေးတဲ့ သူတွေရှိတော့ ကျွန်တော်တို့လိုက်နေတုန်းပါ။ သူတို့ လက်နက်ကြီးတွေနဲ့ လက်နက် တချို့ ရတယ်။ အခု ရှင်းလင်းရေး လုပ်နေတုန်းပါ။ အဓိကကတော့ ချင်းပြည်နယ် မြောက်ပိုင်းရဲ့ အမြင့်ဆုံးတောင်လည်းဖြစ်တော့ ကနေဒီတောင်က စစ်ရေးအတွက် အချက်အချာကျတဲ့နေရာပါ။ ဒါကြောင့် ကျွန်တော်တို့ သိမ်းခဲ့တာပါ"

အဲဒီစခန်းကနေ စစ်ကောင်စီတပ်သား ဆယ်ဦးကျော် စခန်းကိုစွန့်ခွာပြီး ထွက်ပြေး သွားတာကြောင့် လိုက်လံ ဖမ်းဆီးနေတယ်လို့လည်း PDF Zoland တာဝန်ရှိသူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ရဲ့ပြောခွင့်ရသူ လူမှုရေး ဝန်ကြီး ဦးကျော်စိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ချင်းဒေသကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့တွေ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့မှာလည်း ဖလမ်းမြို့နယ်ထဲက သီးဘွာလ်ရွာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) အဖွဲ့က တိုက်ခိုက် သိမ်းပိုက် ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org