ငြိမ်းချမ်းစွာစုဝေးခွင့် ဥပဒေ သမ္မတ လက်မှတ်ရေးထိုး အတည်ပြု
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအပေါ် ပြင် ဆင်တဲ့ဥပဒေမူကြမ်းကို သမ္မတက ဥပဒေအဖြစ်မနေ့က လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။
-
2014-06-25 -
-
-
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအပေါ် ပြင်ဆင်တဲ့ဥပဒေမူကြမ်းကို သမ္မတက ဥပဒေအဖြစ်မနေ့က လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလက ပြဌာန်းခဲ့တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ အရ၊ ဆန္ဒပြလို သူတွေဟာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရရှိမှသာ တရားဝင်ဆန္ဒပြခွင့်ရှိတဲ့အပြင်၊ တခြားကန့်သတ်ချက်တွေလည်း ရှိခဲ့ပါတယ်။ ဒီဥပဒေကို အသုံးပြုပြီး လယ်သိမ်းခံ တောင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးထောင်ချခံခဲ့ ကြရပါတယ်။ ဒါကြောင့် ဒီဥပဒေဟာ အခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင်ဝေဖန် ခဲ့ကြပါတယ်။
ဒီဥပဒေကို ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ကြပြီး၊ ဥပဒေမူကြမ်းကို ပြင်ဆင်ချက်တွေနဲ့တကွ အတည်ပြုဖို့ သမ္မတထံ ပေးပို့ခဲ့ရာမှာ၊ သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး အတည်ပြုခဲ့တာဖြစ်ပါတယ်။
အတည်ပြုလိုက်တဲ့ဥပဒေမှာ မူလကပါရှိခဲ့တဲ့ ခွင့်ပြုမိန့်ဆိုတဲ့ စကားရပ်ကို ခွင့်ပြုချက်အဖြစ်၊ ကိုယ်ရေး အချက်အလက် ဆိုတဲ့ စကားရပ်ကို အမည်နဲ့ ဆက်သွယ်ရမယ့် နေရပ်လိပ်စာအဖြစ်၊ ခွင့်ပြုချက်ထုတ်ပေးရန် ငြင်းပယ်ခြင်းဆိုတဲ့ စကားရပ်ကို ပယ်ဖျက်လိုက်ပြီး၊ သတ်မှတ်ချက်နဲ့အညီ တင်ပြလျှောက်ထားချက်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ရဲ့အတည်ပြု ချက်နဲ့ ခွင့်ပြုချက်ထုတ်ပေးရမည် ဆိုတဲ့ စကားရပ်တွေနဲ့ အစားထိုးလိုက်ပါတယ်။
ဒါ့ပြင် အရင်က သတ်မှတ်ထားတဲ့ ပြစ်ဒဏ်တွေကိုလည်း ထက်ဝက်စီလျှော့ချလိုက်ပါတယ်။
ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ရှေ့နေ ဦးကိုနီကတော့ ဒီဥပဒေဟာ ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ၊ အခြေခံဥပဒေ ပုဒ်မ ၃၅၄ ပါ လွတ်လပ်စွာစုဝေးခွင့်နဲ့ ဆန့်ကျင်နေတယ်လို့ AP သတင်းကို ပြောဆိုပါတယ်။
အဲဒီဥပဒေနဲ့ အကြိမ်ပေါင်း(၃၀) ကျော် တရားစွဲဆို ခံခဲ့ရပြီး ၊မကြာခင်ရက်ပိုင်းကမှာ ထောင်က ပြန်လွတ်လာခဲ့တဲ့ ၊ မြေယာအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုကလည်း ဒီ ဥပဒေပြင်ဆင်ချက်ရဲ့အကျိုးသက်ရောက်မှု ကို စောင့်ကြည့်သွားရမယ်လို့ ပြောပါတယ်။