အစိုးရနဲ့ ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး အတွက် ခြေလှမ်းတစ်လှမ်းသာဖြစ်

အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ မနေ့ကပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ ပဋိပက္ခတွေကို ရှေ့ဆက်ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကို အဖြေရှာဖို့ ခြေလှမ်းတစ်လှမ်းသာဖြစ်တယ် လို့ KIO အဖွဲ့က ဖေဖေါ်ဝါရီလ ၅ ရက်နေ့ ဒီကနေ့ ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ကပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့နဲ့ KIO အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို တွေ့ရစဉ်

အခုဆွေးနွေးပွဲဟာ နောက်ထပ်တွေ့ဆုံဆွေးနွေးဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့ သဘောသာဖြစ်တယ်လို့ KIO ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ KIO ဗဟိုကော်မတီဝင် ဦးဆွန်လွတ်ဂမ် ကို ကိုးကားပြီး AFP သတင်းဌာနက ဖော်ပြပါတယ်။

မနေ့က ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာတော့ အပစ်အခတ်ရပ်စဲရေးအတွက် အရပ်ဘက် စောင့်ကြည့်လေ့လာရေးအဖွဲ့တွေထားဖို့၊ နှစ်ဖက်စစ်ရေးတင်းမာမှုတွေ လျှော့ချဖို့နဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ထူထောင်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

ဒီလကုန်ပိုင်းမှာ ကြားခံလေ့လာသူတွေဖိတ်ခေါ်ပြီး နောက်တကြိမ် တွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက်သဘောတူခဲ့ကြတယ်လို့လည်း သိရပါတယ်။

ရွှေလီမြို့၊ ချင်ချန်းဟိုတယ်မှာ မနေ့က ပြုလုပ်တဲ့ဆွေးနွေးပွဲကို KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့ ကိုယ်စားလှယ်တွေအပြင် တရုတ်အစိုးရ အရာရှိတွေလည်း လေ့လာသူတွေအဖြစ် တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org