ငြိမ်းချမ်းရေးဖိုရမ် ကျင်းပ
ငြိမ်းချမ်းရေးအတွက် အားကောင်းခိုင် မာသော ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေး ပွဲကို ရန်ကုန်မြို့က မီလီယာဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
-
2017-01-21 -
-
-
ငြိမ်းချမ်းရေးအတွက် အားကောင်းခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲကို ရန်ကုန်မြို့က မီလီယာ ဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
နိုင်ငံတကာပညာရှင်တွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နေသူတွေ တက်ရောက်တဲ့ အဲဒီပွဲကို သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့နဲ့ HD Humanitarian Dialogue အဖွဲ့တွေက ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲမှာ ပင်တိုင်ဆွေးနွေးသူတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ အမေရိကန်အခြေစိုက် တရုတ်ရေးရာကျွမ်းကျင်သူ Ms. Yun Sun၊ စာရေးဆရာ ဦးကျော်ဝင်း၊ ဦးကိုကိုလှိုင် ၊ Shalom Foundation က ဒေါ်ဂျာနန်၊ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ Ms. Mary Callahan တို့ ဖြစ်ပါတယ်။
အမေရိကန်အခြေစိုက် တရုတ်နိုင်ငံရေးရာကျွမ်းကျင်သူ Yun Sun က တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအကြောင်း သူ့အမြင်ကို ဆွေးနွေးပါတယ်။ လက်ရှိမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့နောက်ကွယ်မှာ တရုတ်အစိုးရမပါကြောင်း ၊ တကယ်တော့ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တရုတ်အစိုးရကို ဆွဲသွင်းဖို့ကြိုးစားနေတာသာဖြစ်ကြောင်း နဲ့ တိုင်းရင်းသားအဖွဲ့တွေကသာ တရုတ်အစိုးရကို အသုံးချနေတာသာဖြစ်ကြောင်း ဆွေးနွေးပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် NCA ကို မြောက်ပိုင်းအဖွဲ့အားလုံးကလည်း လက်မှတ်ရေးထိုးဖို့ကို တရုတ်အစိုးရက လိုလားတာဖြစ်ကြောင်း၊ လက်ရှိမှာ အပစ်ရပ်စာချုပ်ဟာ အားလုံးမပါဝင်တဲ့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လွှမ်းခြုံမှုမရှိတဲ့အပြင် အားလုံးမပါရင် ငြိမ်းချမ်းရေးဟာ ရေရှည်တည်တံ့ဖို့ မဖြစ်နိုင်ကြောင်း ဆွေးနွေးပါတယ်။
စာရေးဆရာ ဦးကျော်ဝင်းက NCA ကို အဖွဲ့အားလုံးက လက်မှတ်ရေးထိုးစေလိုကြောင်း လက်မှတ်ထိုးထားခြင်း အားဖြင့် ပဋိပက္ခဖြစ်လာတဲ့အခါ NCA မူဘောင်အတိုင်း ဖြေရှင်းလို့ရကြောင်း ဆွေးနွေးပါတယ်။