ငြိမ်းချမ်းရေးစင်တာ တွေ့ဆုံပွဲကြေ ညာချက်နဲ့ မသက်ဆိုင်ကြောင်း NLD ထုတ်ပြန်

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ ထုတ်ပြန်ခဲ့တဲ့ သဘောထား ကြေညာ ချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ တိုင်းရင်းသား ပါတီတွေနဲ့ တခြား နိုင်ငံရေးပါတီတွေ မပါဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ သြဂုတ်လ ၁၁ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ နိုင်ငံရေးပါတီ ၆၆ ပါတီက ကိုယ်စားလှယ်တွေ တွေ့ဆုံကြစဉ် Photo: Kyaw Zaw Win, Wai Yan Moe Myint/RFA

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ ထုတ်ပြန်ခဲ့တဲ့ သဘော ထား ကြေညာချက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၊ တိုင်းရင်းသားပါတီတွေနဲ့ တခြားနိုင်ငံရေးပါတီတွေ မပါဝင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန် က အခုလို ပြောပါတယ်။

"နိုင်ငံရေးပါတီများတို့ ငြိမ်းချမ်းရေးဖြစ်စဉ်အား ရှင်းလင်းတင်ပြခြင်းနဲ့ အပြန် အလှန် ဆွေးနွေးခြင်းခေါင်းစဉ်နဲ့  တစ်နိုင်ငံ လုံး ပြည်တွင်းစစ် ငြိမ်းချမ်းရေး ခေါင်းစဉ် နဲ့ ဆွေးနွေးပွဲပေါ့၊ အဲ့ဒီကိုတက်တာပါ သူတို့ထုတ်ပြန်တဲ့ တစ်နိုင်ငံလုံး ပြည်တွင်းစစ် ငြိမ်းချမ်းရေး ဖြစ် ဖို့ဟာအတွက် နိုင်ငံရေးပါတီတွေက တိုက်တွန်းတယ်၊ ဆွေးနွေးပွဲ မှာ ဆွေးနွေးတဲ့အကြောင်းအရာပဲ ပါသင့်တာပေါ့၊ ဆွေးနွေးပွဲကနေပြီးတော့ လွန်မြောက် တဲ့ကိစ္စ ဆွေးနွေးပွဲထဲမှာမပါတဲ့ကိစ္စ ကျနော်တို့ ဆွေးနွေးတဲ့ ဥစ္စာတွေ ကျနော်တို့က ဘာမှလည်းပြောစရာမရှိဘူး၊ နောက် ကျနော်တို့က ဝင်လည်းမပါဘူး၊ ဆွေးနွေးပွဲ ဘောင်ထဲမှာ မရှိဘူးလေ၊ ဆွေးနွေးတဲ့အထဲမှာ NLD မပါပါဘူး "

အလားတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကလည်း အဲဒီကြေညာချက်မှာ မပါ ဝင်ကြောင်း၊ အဲဒီလိုဆွေးနွေးပွဲကနေ နိုင်ငံရေးပါတီများဆိုပြီး ထုတ်ပြန်လိုက်တာဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးသလိုဖြစ်နေကြောင်းလည်း မနေ့က SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွန့်လွင်က အာအက်ဖ်အေ ကို ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာမှာ အဲဒီနေ့က တွေ့ဆုံပွဲအပြီးထုတ်ပြန်တဲ့ ကြေညာချက်မှာ ရေရှည်တည်တံ့ တဲ့ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို အမြန်ဆုံးလက်မှတ်ရေးထိုးကြဖို့ သက်ဆိုင်သူအားလုံးကို ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေက တိုက်တွန်းကြောင်းပါရှိပါတယ်။

ဒါ့အပြင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ အမြန်ဆုံးကျင်းပနိုင်ဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံရေး ကို ဆောင်ရွက်ပေးဖို့ တောင်းဆိုကြောင်းလည်း ဖော်ပြပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org