ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ မနက်ဖြန်တွေ့မည်

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့ဟာ တရုတ်အစိုးရရဲ့ အထူးသံတမန် မစ္စတာ ဆွန်ကော်ရှန်းရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ စက်တင်ဘာလ ၅ ရက်နေ့ မနက်ဖြန်မှာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံကြမယ်လို့ TNLA အဖွဲ့က ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဌာနက အာရှရေးရာ အထူးသံတမန် Sun Guoxiang ကို ၂၀၁၈ ဇူလိုင် ၁၂ ရက်နေ့က တွေ့ရစဉ် Photo: Thiha Tun/RFA

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့တို့ဟာ တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်း (Sun Guoxiang) ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ စက်တင်ဘာလ ၅ ရက်နေ့ မနက်ဖြန်မှာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံကြမယ်လို့ TNLA အဖွဲ့က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ TNLA တအာင်းလွတ်မြောက်ရေးအဖွဲ့၊ AA ရခိုင်တပ်မတော်၊ MNDAA ကိုးကန့်အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်တွေရဲ့ အခုတွေ့ဆုံမှုဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၇ ဖွဲ့ရှိတဲ့ထဲက အခုတွေ့ဆုံမယ့် အဖွဲ့သုံးဖွဲ့ကို မြန်မာ့တပ်မတော်ဘက်က စောစောပိုင်းက လက်ခံခြင်းမရှိပါဘူး။

မနက်ဖြန် တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က...
“လောလောဆယ် တေ့ွဆုံဆွေးနွေးမှုတွေ ရပ်နေတယ်၊ ဒါကြောင့်မို့ တရုတ်အထူးသံတမန် မစ္စတာဆွန်ကော်ရှန်းရဲ့ ကြားဝင်မှုနဲ့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ ဘာတွေဆွေးနွေးကြမလဲ ဆိုတာတော့ မနက်ဖြန်မှ သိမှာပါ”

လောလောဆယ် ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ အစိုးရတပ်မတော်နဲ့ TNLA တအာင်းလွတ်မြောက်ရေးအဖွဲ့ အပြင်၊ TNLA နဲ့ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း ထွက်ပြေးနေကြရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org